တိုက်ရိုက်ထုတ်လွှင့်မှုပြတ်တောက်ခဲ့ခြင်းအပေါ် ဝန်ကြီး၊ဒုဝန်ကြီးများ တာဝန်မရှိဘူးလားဟု မေးခွန်း ထုတ်

တိုက်ရိုက်ထုတ်လွှင့်မှုပြတ်တောက်ခဲ့ခြင်းအပေါ် ဝန်ကြီး၊ဒုဝန်ကြီးများ တာဝန်မရှိဘူးလားဟု မေးခွန်း ထုတ်
မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်၊ ဇွန်လ ၆ ။           ။ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးနေစဉ် တိုက်ရိုက်ထုတ်လွှင့်မှု ငါးမိနစ်ခန့် ပြတ်တောက်ခဲ့ခြင်းအပေါ်  ပြန်ကြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးထံတွင်တာဝန်မရှိဘူးလားဟု မင်း ကင်း မဲဆန္ဒနယ်၊မှ ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဆက်စပ် မေးခွန်း ထုတ်ခဲ့သည်။

ဇွန်လ (၆)ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးမောင်မြင့်မှ “ဇန်နဝါရီလ ၂၉ရက်နေ့က ပြည်ထောင်စုလွှတ်တော်တိုက်ရိုက်ထုတ်လွှင့်မှု (၅)မိနစ် ပြတ်တောက်ရခြင်း၏ အဖြစ်အမှန်ကို ရှင်းလင်းပေးနိုင်ခြင်းရှိ၊ မရှိ” နှင့် ပတ်သက်ပြီးဆက်စပ်မေးခွန်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

“အခုချိန်မှာတော့ တင်ပြတာတွေမှားယွင်းတာတွေကြောင့်မို့လို့ ဒီမှာတော့မပြောဘူးပေါ့ဗျာ။ DG အပါအဝင် တစ်ခြားလူတွေကိုရွှေ့ပြောင်းတာဘာညာ အရေးယူတာရှိတယ်လို့ပြောတယ်။ ဝန်ထမ်း တွေအတွက် စိတ်မကောင်းပါဘူး။ဒါပေမယ့်လည်း အဲ့ဒါမျိုးဝန်ထမ်းတွေအဆင့်မှာပဲ တာဝန်ရှိ သလား။ ဝန်ကြီး၊ ဒုတိယဝန်ကြီးမှာရော တာဝန်မရှိဘူးလားလို့ ကျွန်တော်မေးချင်ပါတယ်”ဟု ဦးမောင်မြင့်က ပြောသည်။

ထို့အပြင် အစည်းအဝေးအတွင်း နေ့လယ်(၂:၂၀)မှ (၂:၂၅)မိနစ်အထိ ငါးမိနစ်စာ ပြတ်တောက်ခဲ့ခြင်း အပေါ် အောက်ခြေမှ တင်ပြချက်များကို ဝန်ကြီးနှင့်ဒုဝန်ကြီးက စိစစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနပိုင်  မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာတွင် ဖေဖော်ဝါရီ (၁)ရက်နေ့က သတင်းဖော်ပြခဲ့ခြင်းသည် လွယ်ကူနေသလားဟုလည်း ၄င်းက ပြောသည်။

ထိုကဲ့သို့ သတင်းဖော်ပြမှုသည် အောက်ခြေအဆင့်ရှိ ဝန်ထမ်းများမှပေးပို့သည့် အချက်အလက်များ အရ သတင်း ထုတ်ပြန်ခြင်းမဟုတ်ဘဲ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  အနီးကပ်တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

“အနီးကပ်ပါ။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ အဆင့်ဆင့် တာဝန် ရှိတဲ့ပုဂ္ဂိုလ်များက တင်ပြတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့ တင်ပြချက်အတိုင်းကို ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်သူတို့ တင်ပြချက် မမှန်ကန်တဲ့ တင်ပြချက်ဖြစ်ကြောင်း သိရတဲ့အတွက် ကျွန်တော်တို့ ဒါကိုစစ်ဆေးပြီးအရေးယူခဲ့ခြင်းဖြစ်တယ်” ဟုဒေါက်တာဖေမြင့်က ပြောသည်။

ပြီးခဲ့တဲ့  ဇန်နဝါရီလ(၂၉)ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် တပ်မတော်သားကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့စဉ် တိုက်ရိုက်ထုတ်လွှင့်မှုကို ငါးမိနစ်ခန့် ပြတ်တောက်ခဲ့ပြီး တေးသံရှင် ဟေမာနေဝင်းသီချင်းများဖြင့် အစားထိုး ပြသခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပြတ်တောက်ခဲ့မှုသည်တပ်မတော်နှင့် MRTVတို့ ချိတ်ဆက်ဆောင်ရွက်နေသည့် ဖိုင်ဘာလိုင်း ကျသွား(ရွေ့) ဂြိုလ်တုလိုင်းမှတဆင့် ထုတ်လွှင့်ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ (၁) ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးဘက်ကမူ ဇန်နဝါရီလ(၂၈)ရက်နေ့တွင် ဖိုင်ဘာလိုင်းကျနေသဖြင့် ပြန်လည်ပြင်ဆင်မှုသည် (၂၉)ရက်နေ့ ညနေ ၄နာရီ၄၅မိနစ်မှသာ ပြီးခဲ့သည့်အတွက် ထုတ်လွှင့်မှု ပြတ်တောက်ခဲ့ရခြင်းသည် ဖိုင်ဘာလိုင်းနှင့်မဆိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဦးမောင်မြင့်က တာဝန်ယူမှု တာဝန်ခံမှု တွင်တွင်ကျယ်ကျယ်ပြောကြားသည့်ခေတ်ကြီးတွင် ထိုကဲ့သို ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်မှု မှားယွင်းခဲ့ခြင်းအပေါ်မှာ သတင်းစာမှ တရားဝင် ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/ မရှိကိုလည်း ဆက်လက်မေးမြန်းခဲ့သေးသည်။

“ဂြိုလ်တုက တောက်လျှောက်လွှင့်ခဲ့တယ်။ တောက်လျှောက်လွှင့်ခဲ့တဲ့ ဟာတစ်ခုက ၅မိနစ်စာ ပြတ်သွားတယ်။ ဂြိုလ်တုက သူ့ဟာသူ ကောင်းသွားသလား။ ဒါမေးခွန်းထုတ်စရာ ကိစ္စဖြစ်နေ ပါတယ်”ဟု ဦးမောင်မြင့် အစည်းအဝေးတွင်းမှာ ဆက်လက်မေးမြန်းခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍  ဂြိုလ်တုလိုင်းသုံးစွဲသည့်နေရာတွင် ထိုနေရာသို့ ပေးပို့သည့်လမ်းကြောင်း နှစ်ခု တိုက်ဆိုင်သွားပါက ထုတ်လွှင့်သည့်နေရာတွင် အခက်အခဲရှိကြောင်းကိုဝန်ကြီး ဒေါက်တာ ဖေမြင့်က ဆက်လက်ပြောကြားသည်။

“အဲ့တော့ ဒီကနေလွှတ်တော်က သတင်းကိုဂြိုလ်တုကနေ အသံလွှင့်ရုံကိုပေးပို့နေစဉ်မှာ ကျွန်တော်တို့ နယ်ကနေ သတင်းပေးပို့တဲ့သူကလည်း ဒီတစ်လိုင်းတည်းကနေ ပေးပို့တဲ့ အတွက်ကြောင့် နှစ်ခု တိုက် ဆိုင်ပြီး ပြန်ကျသွားတယ်ဆိုတာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီအခါမှာ ဒီလိုကျသွားတာကို သိတဲ့ နေရာမှာတာဝန်ရှိတဲ့နေရာမှာ ထိုင်နေတဲ့ စက်ကြည့်တဲ့နေရာက တာဝန်ရှိတဲ့သူကနေပြီးတော့ ဒီလိုင်း ကမပို့နဲ့ နှစ်ခုတိုက်နေတယ်ဆိုပြီးအကြောင်းကြားလိုက်တဲ့အခါမှာ တစ်ဖက်က သတင်းပို့တဲ့သူက ရပ်သွားပါတယ်။ အဲ့အတွက်ကြောင့် ၅မိနစ်အတွင်းမှာပြန်ပြီး ထုတ်လွှင့်တဲ့ဟာ ကောင်းသွားတယ် ဆိုတဲ့ အကြောင်း လုပ်ငန်းဆောင်ရွက်တဲ့အပိုင်းက တင်ပြတာ”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်ကပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် တပ်မတော်သား ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့စဉ် တိုက်ရိုက်ထုတ်လွှင့်မှုကို ငါးမိနစ်ခန့် ပြတ်တောက်ခဲ့ပြီး တေးသံရှင် ဟေမာနေဝင်းသီချင်းများဖြင့် အစားထိုး ပြသခဲ့ခြင်းအပေါ် ပြည်တွင်းရှိ လူမှုကွန်ရက် အသုံးပြုသူများ အကြားတွင် ဝေဖန်မှုများ မြင့်တက်ခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly