ဦးဝီရသူ၊ မိုက်ကယ်ကျော်မြင့်တို့ကို အသုံးချကာ ဒီမိုကရေစီခေါင်းဆောင်များကို စော်ကားနေခြင်း ဟုဆို

ဦးဝီရသူ၊ မိုက်ကယ်ကျော်မြင့်တို့ကို အသုံးချကာ ဒီမိုကရေစီခေါင်းဆောင်များကို စော်ကားနေခြင်း ဟုဆို

ရန်ကုန်၊ ဇွန်လ ၆ ။                ။ ဆရာတော် ဦးဝီရသူကဲ့သို့၊ မိုက်ကယ်ကျော်မြင့်ကဲ့သို့ သူများကို ပါးစပ်ငှားအသုံးချကာ ဒီမိုကရေစီ ခေါင်းဆောင်များကို စော်ကားနေခြင်းဖြစ်ပြီး နောက်ကွယ်တွင် စစ်အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုသည့် အင်အားစုများရှိနေသည်မှာ သေချာကြောင်း ၁၉၇၄၊ ၇၅၊ ၇၆ ခုနှစ် နိုင်ငံရေး အင်အားစု၊ (၁၉၇၅ ခုနှစ်) ရွှေတိဂုံ အရေးအခင်း ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကျော်အောင် က ပြောသည်။

ဇွန်လ ၆ ရက်နေ့က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ စိတ်တိုင်းကျခန်းမတွင် ပြုလုပ်ခဲ့သည့် မ.ဆ.လ စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသား လှုပ်ရှားမှု (၄၅)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတွင် မီဒီယာများမေးမြန်းမှုကို ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မ.ဆ.လ စစ် အာဏာဆန့်ကျင်ရေး ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသား လှုပ်ရှားမှု (၄၅)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတွင်တွေ့ရ သည့် (၁၉၇၅ ခုနှစ်) ရွှေတိဂုံအရေးအခင်း ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကျော်အောင်/ ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

" ဟိုတုန်းကလည်း ဒီမိုကရေစီအင်အားစုတွေ၊ အထူးသဖြင့် ဒီမိုကရေစီခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရရဲ့ ထောက်လှမ်းရေးတွေ၊ သူတို့အာဘော်ဖြစ်တဲ့ သတင်းစာ ကနေတဆင့် အမျိုးမျိုး အပုပ်ချ စွပ်စွဲစော်ကားခဲ့တာရှိတယ်။ သိက္ခာချခဲ့တာရှိတယ်။ တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲ့ဒီလို နည်းနဲ့ပဲ ကနေ့ ရှေ့မှာတော့ မိုက်ကယ်ကျော်မြင့်တို့လို၊ ဦးဝီရသူတို့လို လူမျိုးတွေကို အသုံးချပြီးတော့၊ အဲ့လူတွေကို ပါးစပ်ငှား အသုံးချပြီးတော့ အဲ့ဒီလူတွေတဆင့် မိုက်မိုက်ရိုင်းရိုင်း ကိုယ်တို့ဒီမိုကရေစီခေါင်းဆောင်တွေကို စော်ကားနေတယ်။ ပုပ်ခတ်စော်ကားတာတွေကို လုပ်နေ တယ်"ဟု (၁၉၇၅ ခုနှစ်) ရွှေတိဂုံအရေးအခင်း ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကျော်အောင်က ပြောသည်။

ဦးကျော်အောင်က ဆက်လက်၍" သူတို့နောက်မှာ လက်မည်းဆိုတဲ့ စစ်အာဏာရှင်စနစ်ကို ကာကွယ် လိုတဲ့ သူတွေ၊ ပြန်ပြီးအသက်သွင်းလိုတဲ့သူတွေ နောက်မှာရှိနေတယ်ဆိုတာ သေချာတယ်။ ဘာ ကြောင့်လဲ ဆိုတော့ သူတို့ ဟိုတုန်းက သုံးခဲ့တဲ့ တိုက်ခိုက်မှု စကားလုံးတွေနဲ့ပဲ အခု ဒီမိုကရေစီ ခေါင်းဆောင်ကို၊ တိုင်းပြည်ခေါင်းဆောင်ကို တိုက်ခိုက်နေတာ။ စော်ကားနေတာ။ စော်ကားနေတာ ဖြစ်နေသလို အခုပဲ သူတို့ကို မဖမ်းမိအောင် ကာကွယ်ပေးနေတာ။ သူတို့က မြှောက်ပေးတယ်။ ပြီးရင် အရေးယူလို့မရအောင် ကာကွယ်ပေးနေတယ်။ နောက်က လက်မည်းဆိုတာက ဘယ်သူလဲ ထင်ရှား နေတာပဲ။ စစ်အာဏာရှင်စနစ်ကို ဆက်လက်ကာကွယ်လို တဲ့သူတွေ ဒါကို ဖန်တီးနေတာ"ဟု ပြောသည်။

လက်ရှိတွင် ပြည်သူလူထု ရွေးချယ်တင်မြှောက်လိုက်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ကန့်သတ်ချုပ်နှောင်ခံနေရပြီး ဒီမိုကရေစီရေး၊ လူ့အခွင့် အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွှတ်ရေး၊ ခေတ်မီဖွ့ံဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရေးများအတွက် ရှေ့မတိုးနိုင်ဖြစ်နေကြောင်း၊ တိုင်းပြည်အေးချမ်းတည်ငြိမ်းရေးနှင့် ဖွ့ံဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်သော ဘာသာရေးအစွန်းရောက်လှုပ်ရှားမှုများ၊ သွေးထိုး လှုံ့ဆော်မှုများကို သတိထားရှောင်ရှားပြီး တာဝန်ရှိသူများအနေဖြင့် ထိရောက်ပြတ်သားစွာ ကိုင်တွယ် ဖြေရှင်းပေးရန်လိုအပ်ကြောင်း  ၁၉၇၄- ၇၅-၇၆ နိုင်ငံရေးအင်အားစုများက ဇွန်လ ၆ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly