ဖီဖာဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရတဲ့ အင်ဖန်တီနို ရင်းနှီးမြှုပ်နှံမှုအသစ်တွေပြုလုပ်သွားဖို့ ကတိပေးထား 

ဖီဖာဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရတဲ့ အင်ဖန်တီနို ရင်းနှီးမြှုပ်နှံမှုအသစ်တွေပြုလုပ်သွားဖို့ ကတိပေးထား 
Photo: EPA

ပါရီမြို့မှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ကွန်ဂရက်မှာ ဖီဖာဥက္ကဋ္ဌအဖြစ် ဂီယာနီ အင်ဖန်တီနိုကို ဗုဒ္ဓဟူးနေ့က ပြန်လည်ရွေးချယ်ခဲ့ပါတယ်။

အဖွဲ့အစည်းအတွင်း အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် ရာထူးကနေ ဖယ်ရှားခြင်းခံခဲ့ရတဲ့ ဖီဖာဥက္ကဋ္ဌဟောင်းဖြစ်သူ ဆက်ပ်ဘလက်တာရဲ့ နေရာကို အသက် ၄၉ နှစ်အရွယ် အင်ဖန်တီနိုက ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ရယူခဲ့သူဖြစ်ပါတယ်။ 

သူဟာ ဖီဖာဥက္ကဋ္ဌနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူမရှိတာကြောင့် ဥက္ကဋ္ဌ ဒုတိယသက်တမ်းအဖြစ် ၂၀၂၃ ခုနှစ်ထိ (၄)နှစ်သက်တမ်းကို ယခုတစ်ကြိမ်ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။

"ကျနော်တို့ဟာ Forward programme အတွက်၊ ကမ္ဘာ့အနှံ့ ဘောလုံးလောက တိုးတက်ဖို့အတွက် ဒေါ်လာ ၁.၈ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။"လို့ အင်ဖန်တီနိုက ပြောပါတယ်။

"ကျနော်တို့ ကျောင်းတွေနဲ့ တခြားစီမံကိန်းတွေအတွက် ဘောလုံးနဲ့အတူ ပညာရေးမှာ ရင်းနှီးမြှုပ်နှံပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ လူသားတွေကို ပညာပေးပြီး လေ့ကျင့်ပေးမှာကြောင့်ပါ။"

"ကျနောတို့က စနစ်ကို ပြောင်းလဲသွားဖို့ ရှိပါတယ်။ အမှန်တယ်ပြောင်းလဲမှုတစ်ခု။ ဒါမှမဟုတ် တော်လှန်မှုတစ်ခုပဲဖြစ်ဖြစ်။ ကျနော်တို့ ဒါကို လိုအပ်လို့ပါ။ ဖီဖာရဲ့ ငွေစာရင်းတွေသာ ပွင့်လင်းမြင်သာမှုရှိရမှာမဟုတ်သလို ကစားသမား အပြောင်းအရွှေ့မှာ ဘဏ္ဍာရေး စီးဆင်းမှုလည်း ပွင့်လင်းမြင်သာမှုရှိရမှာဖြစ်ပါတယ်။ ဒါဟာ ဘောလုံးလောကရဲ့ ပုံရိပ်နဲ့ ပတ်သက်မှုပါပဲ။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly