ဖမ်းဆီးခံရသည့် အောင်သပြေရွာသားတစ်ဦး အိုးဘိုထောင်တွင် သေဆုံး

ဖမ်းဆီးခံရသည့် အောင်သပြေရွာသားတစ်ဦး အိုးဘိုထောင်တွင် သေဆုံး
မေ ၁၅ ရက်က ဆန္ဒပြမှု ဖြစ်ပွားနေသည်ကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ

မန္တလေး(ဇွန်လ ၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလိပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်မှုတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေရွာသား ကိုထွန်းမြင့်ဝေ(ခ)ကိုထွန်းသည် အိုဘိုထောင်တွင် ဇွန်လ ၅ရက်၊ နံနက်ပိုင်းက သေဆုံးသွားခဲ့သည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး ကုမ္ပဏီနှင့် အောင်သပြေရွာသားများအကြား ဖြစ်ပွားသည့် ပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့ဖြင့် ကိုထွန်းမြင့်ဝေကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကာ ဖမ်းဆီးခံရပြီး ၃ရက်အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။

“ကြေးနန်းနဲ့ ထောင်ကနေ စာတိုက်ကတစ်ဆင့် အကြောင်းကြားပါတယ်။ ပုသိမ်ကြီး ရဲစခန်းကလည်း ဖုန်းဆက်တယ်။ ရောဂါကတော့ နဂိုကလည်း အရက်သောက်တတ်ပြီး အရက်ကြောင်တတ်တယ်လို့တော့ ပြောတာပဲ” ဟု ဒသတ္တောကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ပြောသည်။

ကိုထွန်းမြင့်ဝေ(ခ)ကိုထွန်း သေဆုံးမှုနှင့်ပတ်သက်ပြီး အကျဉ်းထောင် တာဝန်ရှိသူများထံ မဇ္ဈိမက တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အောင်သပြေကျေးရွာအနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလိပ်မြေစက်ရုံ တည်ဆောက်နေမှုအား ဒေသခံများက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လေထုညစ်ညမ်းမှုတို့ ဖြစ်ပေါ်မည်ကို စိုးရိမ်၍ ကန့်ကွက်ခဲ့ကြသည်။

အောင်သပြေရွာသူ၊ ရွာသားများသည် စက်ရုံ၏ ယာဉ်၊ ယန္တယားများ အသွားအလာ ပြုလုပ်သည့် လမ်းကို ပိတ်ဆို့တားဆီးရာမှ ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းပြီး တောင်သူနှစ်ဦးနှင့် သတင်းထောက်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ထို့ကြောင့် ရွာသားအချို့က ကုမ္ပဏီခြံဝင်း အတွင်းရှိ ကားနှစ်စီးနှင့် အဆောက်အဦ တချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှု နောက်ဆက်တွဲအဖြစ် ရွာထိပ်တွင် လုံခြုံရေးအင်အား အများအပြားချထားသည်။ ရာအိမ်မှူး အပါအဝင် ရွာသား ၃ဦးကို ဆွေးနွေးမည်ဟု ခေါ်ယူကာ ထပ်မံဖမ်းဆီးခဲ့ပြီး အနည်းဆုံး ရွာသူ၊ ရွာသား ၉ဦးခန့်မှာလည်း ပုဒ်မ ၅၀၅(ခ)အပါအဝင် ပုဒ်မတစ်ချို့ဖြင့် အမှုဖွင့်ခံထားရသည်။

လက်ရှိတွင် စီမံကိန်းအား ရပ်ဆိုင်းရေး၊ အောင်သပြေကျေးရွာသားများအား စွဲဆိုထားသည့်အမှုများ ဖြေလျှော့ရေးနှင့် ညှိနှိုင်းစဉ်ကာလ စီမံကိန်း ရပ်ဆိုင်းရေး စသည့် အချက်(၃)ချက်အား ဒေသခံများက တောင်းဆိုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly