အမျိုးသားတိုးတက်ရေးပါတီ၏ မူဝါဒ သဘောထား

အမျိုးသားတိုးတက်ရေးပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၆ ။             ။ အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ  ၆ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

ရဟန်းရှင်လူ၊မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။ မကြာမီမှာ မြန်မာနိုင်ငံအနာဂတ်အတွက် အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲကြီးကျင်းပတော့မှာဖြစ်ပါတယ်။ မဲဆန္ဒရှင်များရဲ့ အဆုံးဖြတ်ဟာနိုင်ငံ နဲ့လူမျိုးရဲ့ အနာဂတ်ဖြစ်တယ်လို့ အမျိုးသားတိုးတက်ရေးပါတီက ခံယူထားပါတယ်။ကမ္ဘာ့နိုင်ငံအသီးသီးကိုလေ့လာရင် သူ့နိုင်ငံ၊ သူ့လူမျိုးအကျိုးစီးပွားအပေါ် ရပ်တည်လာခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လာမယ့် ရွေးကောက် ပွဲမှာဘယ်နိုင်ငံရေးပါတီတွေ၊ ဘယ်ကိုယ်စားလှယ်တွေက ကိုယ့်အမျိုးသားအကျိုးစီးပွားနဲ့ကိုယ့်ဘာသာသနာ၊ ကိုယ့်ယဉ်ကျေးမှုအပေါ် ဘယ်လောက်ဆောင်ရွက်ပေးနိုင် မလဲဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့လိုပါလိမ့်မယ်။ ဒါကြောင့်မို့ မဲပေးရာမှာပါတီကိုလည်းလေ့လာ၊ ဦးဆောင်သူကိုလည်းလေ့လာ၊ ကိုယ်စားလှယ်လောင်းကို လည်းလေ့လာပြီး လေ့လာခြင်း(၃) မျိုးနဲ့ဆန္ဒမဲပေးကြရင် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မှာမို့ မြန်မာ့အနာဂတ်ကို အပြောင်းအလဲပြုနိုင်မယ့်သူတွေ ပိုပြီးပါဝင်လာနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ ဘာထူးခြားသလဲလို့မေးလာရင်နိုင်ငံတစ်ခုမှာ အရေးအကြီးဆုံးဖြစ်တဲ့ (၁)နိုင်ငံရေးစီမံခန့်ခွဲမှု(၂) ပြည်သူ့ရေးရာစီမံခန့်ခွဲမှု(၃) စီးပွားရေးစီမံခန့်ခွဲမှုစတဲ့ ပညာရပ်သုံးမျိုးလုံး အပေါ် စာတွေ့လက်တွေ့မဟာဘွဲ့တွေအထိ အတွေ့ကြုံအများကြီး ပြည်စုံထားကြသူများနဲ့ဖွဲ့စည်းထားပြီး နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင် ပညာကိုအခြေပြုပြီးပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက် သွားမယ့် ပညာအခြေခံ ရည်မှန်းချက်နဲ့စုဖွဲ့ထားတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်လို့ ရဟန်းရှင်လူ မိဘပြည်သူတွေကို ဦးစွာအသိပေးလိုပါတယ်။

နောက်ထူးခြားချက်က ပါတီရဲ့ရည်မှန်းချက်က 'အာဏာ'  မဟုတ်ပါဘူး။နိုင်ငံရဲ့အနာဂတ်ဟာ လူငယ်တွေလက်ထဲမှာ ရှိနေတယ်ဆိုတဲ့ရည်မှန်းချက်တစ်ခုတည်းသာဖြစ်ပါတယ်။ ဒီနေ့အနာဂတ်ေ၀ဝါးနေတဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့လက်ထဲကို နိုင်ငံရဲ့အနာဂတ်ထည့်ပေးသွားဖို့ ကြိုးစားသွားမှာပါ။ နိုင်ငံရဲ့အနာဂတ်ခေါင်းဆောင်ငယ်တွေကို လေ့ကျင့်မွေးထုတ်ပေးသွားပြီး ပါတီကတစ်ဆင့် နိုင်ငံတာဝန်တွေကို ကျရာနေရာကတစ်ဆင့်ချင်း တက်လှမ်းထမ်းဆောင်စေနိုင်ဖို့၊ ဒီမိုကရေစီယဉ်ကျေးမှုကို မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ဖို့ ကြိုးစားသွားမှာပါ။

နောက်ထူးခြားချက်က ပြည်သူရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ကို ပြည်သူတွေကျေနပ်မှုမရှိတဲ့အခါ ကိုယ်စားလှယ်အဖြစ် ပြန်လည်ရုပ်သိမ်းခွင့်၊ အရွေးချယ်ခံကိုယ်စားလှယ်များရဲ့ ပိုင်ဆိုင်မှုကို အများသိကြေညာပေးခြင်း၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအကြားပျောက်ဆုံးနေတဲ့ အပြန်အလှန်ထိန်းကြောင်းစနစ်တွေကို အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ ပြည်သူ့အကျိုး အပေါ် အခြေခံပြီး ပြုပြင်ပြောင်းလဲရေးတွေကို ဦးဆုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူကို အမှန်တကယ်အကျိုး ဖြစ်ထွန်းစေမယ့်မူဝါဒနဲ့ဥပဒေတွေကို ကဏ္ဍလိုက် ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ကိုဆောင်ရွက် သွားပါ့မယ်။

ပါတီရဲ့အခြေခံရပ်တည်ချက် အနေနဲ့(၁၃၅) မျိုးလုံးသော တိုင်းရင်းသားတွေရဲ့အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံသွားမှာ ဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားဆိုတာ (နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ဘာသာရေး) စတာတွေအားလုံးပါဝင်ပါတယ်။ နိုင်ငံအသီးသီးက သူ့နိုင်ငံ အကျိုးစီးပွားအပေါ်ရပ်တည်နေကြတာကြောင့် အမျိုးသားတိုးတက်ရေးပါတီအနေနဲ့လည်း ကိုယ့်နိုင်ငံအကျိုးစီးပွား အပေါ် ပြတ်ပြတ်သားသားရပ်တည်သွားမှာဖြစ်ပါတယ်။ မူဝါဒ၊ အခြေခံရပ်တည်ချက်တူညီတဲ့ အခြားမည်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများနဲ့မဆို ပူးပေါင်းဆောင်ရွက်သွား နိုင်ဖို့ကိုလည်း ကြိုဆို ထားပါတယ်။

မူဝါဒအားဖြင့် တိုင်းရင်းသားများအကြားတန်းတူညီမျှ အခွင့်အရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု၊ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးစတဲ့ ပဋိပက္ခ များချုပ်ငြိမ်းစေပြီး အားလုံးလက်တွဲတူညီစွာနဲ့ နိုင်ငံတော်ကို တည်ဆောက် သွားကြဖို့၊ အထူးသဖြင့် မျိုးဆက်သစ်တွေအတွက် နိုင်ငံရေးဝန်းကျင်သစ်၊ နိုင်ငံရေးယဉ်ကျေးမှုသစ်တွေ ဖန်တီးပေးခဲ့ဖို့ ဖြစ်ပါတယ်။

အမျိုးသားရေးကဏ္ဍ အနေနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်တွေကို မှန်မှန်ကန်ကန်ပြုစုပျိုးထောင်ပေးသွားမှာပါ။

တိုင်းရင်းသားများကဏ္ဍဟာ မြန်မာနိုင်ငံအတွက်အလွန်အရေးကြီးပါ တယ်။ လူမျိုးကြီး၊ လူမျိုးစွဲ၊ ဒေသစွဲများကိုပျောက်ကင်းစေပြီးOne Vision One Myanmar ဆိုတဲ့ မြန်မာနိုင်ငံတစ်ခုတည်း ရည်မှန်းချက် တစ်ခုတည်း ဆိုတဲ့ပန်းတိုင်ကို ဖော်ဆောင်သွားပါ့မယ်။

စီးပွားရေးကဏ္ဍဟာ နိုင်ငံတစ်ခုမှာ အရေးအကြီးဆုံးထဲက တစ်ခု ဖြစ်ပါတယ်။ မှားယွင်းနေတဲ့၊ လက်တွေ့မကျတဲ့ စီးပွားရေးမူဝါဒတွေကို ပြန်လည်ပြင်ဆင်သွားပါ့မယ်၊ မှန်ကန်ပြီး ယှဉ်ပြိုင်မှုရှိတဲ့ဈေးကွက် စီးပွားရေးကို ကျင့်သုံးသွားရပါမယ်။ လူတန်းစား(၃)ရပ်စလုံးကို သက်ဆိုင်ရာလူတန်းစားများအလိုက် သိသိသာသာတိုးတက်အောင် ဆောင်ရွက်သွားပါ့မယ်၊ မြန်မာနိုင်ငံဟာ တောင်သူလယ်သမား (၇၀%) ကျော် နေထိုင်ရာ နိုင်ငံဖြစ်တဲ့အတွက် အထူးအလေးပေးဆောင်ရွက်ရပါလိမ့်မယ်။ နည်းပညာရယူပြီး အထွက်တိုးရေး၊ ဈေးကွက်ကို တောင်သူလယ်သမားများနဲ့တိုက်ရိုက်ချိတ်ဆက်ပေးရေး၊ လုံလောက်တဲ့ချေးငွေရရှိနိုင်ရေး၊ စိုက်ပျိုးရေး ပညာများ ဖြန့်ဖြူးပေးရေးစတဲ့နည်းစနစ်တွေကို ထိထိရောက်ရောက်

အသုံးချသွားနိုင်ရင် တောင်သူလယ်သမားတွေရဲ့ ဘဝဟာကြီးကြီးမားမား သိသိသာသာ ပြောင်းလဲသွားလာပါလိမ့်မယ်။

လူလတ်တန်းစားများကိုလည်း လုပ်ငန်းသစ်များ ဖော်ထုတ်ပေးခြင်း၊နည်းပညာနဲ့ အရင်းအနှီးရယူပေးခြင်း၊ နိုင်ငံတကာဈေးကွက်နဲ့ချိတ်ဆက်ပေးခြင်း၊ လုပ်ငန်းကျွမ်းကျင်မှုရှိအောင် ပညာရပ်များဖြန့်ဖြူးပေးခြင်း၊ ကျွမ်းကျင်သင်တန်းများပို့ ချပေးခြင်းနဲ့ လူလတ်တန်းစားအလွှာ ပိုမိုကျယ်ပြန့်၊ တိုးတက်သွားအောင်ဆောင်ရွက်သွားမှသာ မြန်မာ့စီးပွားရေးဦးမော့နိုင်မှာ ဖြစ်ပါတယ်။

အပေါ်လွှာမှာရှိတဲ့ လုပ်ငန်းရှင်ကြီးများကိုလည်း နိုင်ငံတကာရင်းနှီး မြှုပ်နှံသူတွေနဲ့ ချိတ်ဆက်ပေးပြီး၊ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ဈေးကွက်၊ စီမံခန့်ခွဲမှုအတတ်ပညာများ ဖြည့်တင်းပေးရင်းနဲ့ သူတို့ရဲ့လုပ်ငန်း ပိုမိုကျယ်ပြန့်လာအောင် ဆောင်ရွက်ပေးနိုင်ရင် သူတို့လုပ်ငန်းကျယ်ပြန့်လာတာနဲ့ အလုပ်လက်မဲ့ရာနှုန်းလျော့ကျစေပြီး၊ ဆင်းရဲမှုကို လျှော့ချသွားနိုင်ပါလိမ့်မယ်။

အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ လူတန်းစား(၃)ရပ်လုံးကို သင့်လျော်ရာနည်းလမ်းတွေနဲ့ ပိုမိုတိုးတက်အောင်ဆောင်ရွက်ပေးသွားမယ့်နည်းလမ်းတွေရှိထားပြီး၊ စီးပွားရေးမှာ နိုင်ငံတော်ရဲ့ ကဏ္ဍလျှော့ချ ရင်းပုဂ္ဂလိကကဏ္ဍကို အလေးပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပညာရေးနဲ့ကျန်းမာရေးကဏ္ဍက မျိုးဆက်သစ်တွေအတွက် ရေရှည်စီမံကိန်းအဖြစ် အလွန်အရေးကြီးပါတယ်။ မှားယွင်းနေတဲ့သင်ကြားရေးစနစ်ကို မူကြိုကအစ ပါရဂူတန်းတွေအထိ အကြီးအကျယ်ပြင်ဆင် ပါလိမ့်မယ်။ သင်ရိုးညွှန်းတမ်းကအစ ပြင်ဆင်ခြင်း၊ သင်ကြားစနစ်ပြောင်းလဲခြင်း၊ဆရာ-ဆရာမများအရည်အသွေးမြှင့်တင်ခြင်း၊ သင်ကြားရေးထောက်ကူပစ္စည်းများပံ့ပိုးခြင်း၊ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး ပညာတော်သင်များစေလွှတ်ခြင်း၊ နိုင်ငံတကာ ဆရာ-ဆရာမများကို လာရောက်သင်ကြားစေခြင်း စတဲ့ အခြေခံကျကျပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ကျန်းမာရေးပိုင်းမှာလည်း ကုသရေးပိုင်း၊ စောင့်ရှောက်ရေးပိုင်း၊ ကာကွယ်ရေးပိုင်းတွေအပြင် နောက်ဆုံး သက်ကြီးရွယ်အိုများစောင့်ရှောက်ပေးခြင်းစတဲ့ ပြောင်းလဲမှုများကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

တောင်သူလယ်သမားများနဲ့ အလုပ်သမားများကဏ္ဍဟာ မြန်မာနိုင်ငံရဲ့အခြေခံအကျဆုံးကဏ္ဍ ဖြစ်ပါတယ်။ အဲဒီကဏ္ဍကိုတိုးတက်အောင် မလုပ်နိုင်သရွေ့ မြန်မာနိုင်ငံတိုးတက်နိုင်မှာမဟုတ်ပါဘူး။ စာရွက်အပေါ်မှာသာမဟုတ်ဘဲလက်တွေ့ကျကျ လယ်လုပ်သူတွေ ''လယ်လုပ်ပိုင်ခွင့်ရှိစေရမယ်၊ လွတ်လပ်စွာသီးနှံစိုက်ပျိုးနိုင်ရမယ်၊ လွတ်လပ်စွာရောင်းချနိုင်ရမယ်'' စတဲ့အချက်တွေကို အာမခံချက်ပေး မှာဖြစ်ပြီး နည်းပညာ၊ စိုက်စရိတ်၊ ဈေးကွက်ချိတ်ဆက်ပေးခြင်းစတာတွေကို ရေတို၊ ရေလတ်၊ ရေရှည်အဖြစ်စီမံကိန်း တွေချမှတ်ဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။

အလုပ်သမားများကို ကျွမ်းကျင်လုပ်သားများအဖြစ် လေ့ကျင့်ပေးနိုင်ရင် ဝင်ငွေပိုကောင်းစေနိုင်ပါတယ်။ အဲဒီကတစ်ဆင့် စီမံခန့်ခွဲသူများအဖြစ် လေ့ကျင့် တိုးတက်စေပြီး နောက်ဆုံးထူးချွန်သူတွေ အနေနဲ့ ကိုယ်တိုင်လုပ်ငန်းရှင်များအဖြစ် ရောက်ရှိနိုင်ရေးကို ကူညီဆောင်ရွက်ပေးသွားပြီးသိသိသာသာဝင်ငွေတိုးပွားအောင် ဆောင်ရွက်ပေးသွားမယ့် နည်းလမ်းတွေ အမျိုးသားတိုးတက်ရေးပါတီမှာ ရှိနေပြီးဖြစ် ပါတယ်။

အုပ်ချုပ်ရေးကဏ္ဍအနေနဲ့ အစဉ်အလာအတွေးအခေါ်ကို စွန့်လွှတ်သွားကြရပါလိမ့်မယ်။ ဗျူရိုကရေစီကို ကြီးကြီးမားမားလျှော့ချဖို့ အမှန်တကယ်အရည်အချင်းရှိသူကိုသာ တာဝန်ထမ်းဆောင်စေဖို့၊ ကိုယ့်အမှားကို ပြတ်ပြတ်သားသားတာဝန်ယူနိုင်ဖို့၊လျော့နည်းနေတဲ့ ဦးဆောင်နိုင်စွမ်းတွေကို ပြန်လည်မြှင့်တင်ဖို့ ၊နိုင်ငံတကာအတွေးခေါ်၊ နိုင်ငံတကာ အလေ့အကျင့်တွေရရှိဖို့၊ နိုင်ငံတကာအုပ်ချုပ်ရေး စံနှုန်းတွေကို လိုက်ပါနိုင်အောင်ပြုပြင်ပြောင်းလဲသင့်တဲ့နည်းတွေ အမျိုးသားတိုးတက်ရေးပါတီမှာ ရှိနေပါတယ်။

ဥပဒေပြုရေးနဲ့တရားစီရင်ရေး ဘက်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေကို အခြေခံကစပြီး အများကြီးဆောင်ရွက်ဖို့လိုနေပါတယ်။ နိုင်ငံစီးပွားရေးတိုးတက်ဖို့၊လူငယ်များစွမ်းရည် ပြန်လည်ထက်မြက်လာစေဖို့ လိုအပ်တဲ့ဥပဒေပြဋ္ဌာန်းမှုတွေ ဆောင်ရွက်သွားဖို့လိုပါမယ်။ တရားစီရင်ရေးပိုင်းမှာလည်း မှန်ကန်တဲ့တရားစီရင်ရေးကို ပြည်သူတွေခံစားနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးမှာကြားနေဝါဒကို ဆက်လက်ကျင့်သုံးသွားပြီး နိုင်ငံကြီးတစ်ခုခုရဲ့နိုင်ငံရေး၊စစ်ရေး၊ စီးပွားရေးသြဇာအောက်မှ လွတ်ကင်းတဲ့နိုင်ငံဖြစ်ဖို့လိုပါတယ်။နိုင်ငံတကာနိုင်ငံရေး၊ ပထဝီနိုင်ငံရေးအရ မဟာဗျုဟာအချက်အချာကျတဲ့အခြေအနေမှာ မြန်မာနိုင်ငံရှိနေတာကြောင့် အဲဒီအခွင့်အလမ်းကိုအကောင်းဆုံးအသုံးချသွားပြီး မြန်မာနိုင်ငံရဲ့စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေ မြှင့်တင် သွားနိုင်မယ့်မူဝါဒအပေါ်ရပ်တည်ထားပါတယ်။ ငြိမ်းချမ်းရေးမရှိရင် နိုင်ငံမတိုးတက်နိုင်ပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်အောင် နည်းဗျုဟာ၊ မဟာဗျုဟာအပြောင်းအလဲတွေ နဲ့ဆောင်ရွက်သွားနိုင်မှ သာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားတိုးတက်ရေးပါတီရဲ့ ထူးခြားချက်နောက်တစ်ခုကတော့လူငယ်တွေရဲ့အနာဂတ်ဟာ နိုင်ငံရဲ့အနာဂတ်ဆိုတာအပေါ်ယုံကြည်ထားတဲ့အတွက် အမျိုးသားတိုးတက်ရေးပါတီကို တစ်ဆင့်ချင်း လွှဲပြောင်းတာဝန်ထမ်းဆောင်နိုင်စေဖို့ အခုကထဲကပဲ အသက်အရွယ် ၁၀ နှစ်ခြားမျိုးဆက် (၃)ဆက်စာအတွက် လျာထားတည်ဆောက်ထားပြီး ဖြစ်ပါတယ်။

ပညာအခြေခံလူ့အဖွဲ့အစည်းကသာ နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်မှာကို ယုံကြည်တဲ့အတွက်ကြောင့်လည်း မဟာဘွဲ့အများစုနဲ့ တည်ဆောက် ထားတဲ့ အမျိုးသားတိုးတက်ရေးပါတီကို လာမယ့် (၃) နှစ်အတွင်း လက်တွေ့နဲ့ ပညာအခြေခံထားတဲ့ ပါရဂူအများစုနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီအဖြစ် တည်ဆောက်သွားပြီး နိုင်ငံနဲ့လူမျိုးရဲ့စီးပွားရေးကို လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်သွားနိုင်စေဖို့ အစီအစဉ်ရေးဆွဲ ထားပြီးဖြစ်ပါတယ်။

အရွေးချယ်ခံကိုယ်စားလှယ်တွေကို ပြန်လည်စုဖွဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အထူးပြုစေကြပြီး အရေးကြီးအရေးပါတဲ့ ဥပဒေတွေကို တွန်းတွန်းတိုက်တိုက်၊ ပြတ်ပြတ်သားသားပြင်ဆင်သွားရင်းနဲ့ လွှတ်တော်ရဲ့ယဉ်ကျေးမှုအပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်သွားမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တင်ပြသွားချင်တာက ပထမအချက်အနေနဲ့ အမျိုးသားတိုးတက်ရေးပါတီဟာ နိုင်ငံတစ်ခုမှာ အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးစီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ စီးပွားရေးရာ စီမံခန့်ခွဲမှု အထူးပြုလေ့ကျင့်ထားတဲ့သူတွေ အများစုနဲ့ဖွဲ့စည်းတည်ထောင်ထားတဲ့နိုင်ငံရေးပါတီဖြစ်တာမို့ ကျွန်တော်တို့ပါတီအနေနဲ့ လုပ်ပိုင်ခွင့်တစ်စုံတစ်ရာရရှိခဲ့မယ်ဆိုရင် ပညာကိုအခြေခံပြီး သိသာ ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုဆောင်ရွက်သွားမှာ ဖြစ်တာရယ်၊ ဒုတိယအချက်အနေနဲ့လူမျိုး ၁၃၅ မျိုးလုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ဘာသာရေး၊ အမျိုးသားရေးလက္ခဏာများကို အခြေခံတဲ့ အမျိုးသားအကျိုးစီးပွားကို ဒီမိုကရေစီဘောင်ထဲက အလေးပေးဆောင်ရွက်သွားမှာဖြစ်တာရယ်၊ တတိယအချက်အနေနဲ့ နိုင်ငံရဲ့အနာဂတ်ကိုပိုင်ဆိုင်ကြမယ့် လူငယ်မျိုးဆက်သစ်တွေကို ထက်ထက်မြက်မြက်၊ မြော်မြော်မြင်မြင်ပညာကြီးမားတဲ့ခေါင်းဆောင်တွေအဖြစ် လေ့ကျင့်မွေးထုတ်ပေးသွားမယ့် နိုင်ငံရေးပါတီဖြစ်ကြောင်းရဟန်းရှင်လူ မိဘပြည်သူများကို လေးနက်စွာကတိပေးတင်ပြ လိုက်ရပါတယ်။

အဂတိလိုက်စားမှုနဲ့ သက်ဆိုင်ရာသူတွေ အရည်အချင်းမပြည့်ဝမှုဟာနိုင်ငံမဖွံ့ဖြိုးရခြင်းရဲ့ အခြေခံအကျဆုံးသောအချက်တွေဖြစ်လို့ အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ လက်ရှိအဲဒီအချက်ပေါ်မှာ အလေးအနက်ဆောင်ရွက်သွားမှာဖြစ်ပြီး လောလောဆယ်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ရာဇဝတ်မှုထူပြောခြင်း၊ မူးယစ်ဆေးဝါး ပျံ့နှံ့လွန်နေခြင်းများကိုလည်းအခွင့်အရေးပေးရင် ထိထိရောက်ရောက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံကို စစ်စစ်မှန်မှန်တကယ် အပြောင်းအလဲဖြစ်တာကို မြင်ချင်တယ်ဆိုရင် တကယ့်စွမ်းရည်ရှိသူအများစုပါဝင်မှသာ အောင်မြင်မှာမို့ မိဘပြည်သူများမဲပေးကြရာမှာ ပါတီကိုလည်းကြည့်ပါ၊ ဦးဆောင်သူကိုလည်းကြည့်ပါ၊ ကိုယ်စားလှယ်လောင်းကိုလည်း ကြည့်ပြီးမှ မှန်ကန်စွာမဲပေးနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

ရဟန်းရှင်လူမိဘပြည်သူအားလုံး ကျန်းမာချမ်းသာကြပါစေ။

အမျိုးသားတိုးတက်ရေးပါတီ

 ၁။  ပါတီအမည်  -  အမျိုးသားတိုးတက်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  National Development Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၀.၃.၂၀၁၅
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးအောင်ထွေးပါ(၁၅) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအောင်ထွေး၊ ဒေါ်နန်းဟွမ်နွမ်းခမ်း
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၉.၆.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၆.၆.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၉.၇.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၉၅)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၂၀၄) ၊ တိုက်အမှတ် (စီ)၊ မြင်သာအိပ်ရာစီမံကိန်း၊ (၁၄) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉ - ၄၃၁၇၆၂၂၆ (ဦးအောင်ထွေး)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly