ပွင့်ဖြူရှိ ကျေးရွာအတွင်း မြေအက်ကြောင်းများ ဖြစ်ပေါ်နေမှုမှာ နေအပူရှိန်ပြင်းပြီး ရုတ်တရက် မိုးရွာမှုကြောင့်ဟုဆို

ပွင့်ဖြူရှိ ကျေးရွာအတွင်း မြေအက်ကြောင်းများ ဖြစ်ပေါ်နေမှုမှာ နေအပူရှိန်ပြင်းပြီး ရုတ်တရက် မိုးရွာမှုကြောင့်ဟုဆို
ဓါတ်ပုံ ဉာဏ်လင်း

ပွင့်ဖြူ၊ ဇွန် ၆ ။          ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု၊ ရိုးကုန်းကျေးရွာတွင် မြေ အက်ကြောင်းကြီးများ ဖြစ်ပွားရခြင်းမှာ သဲနုံးမြေဖြစ်ပြီး နေအပူရှိန်ပြင်းကာ ရုတ်တရက် မိုးရွာခြင်း ကြောင့် ဖြစ်သည်ဟု မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။

ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စုမှ ရိုးကုန်းကျေးရွာတွင် ဇွန်လ (၂)ရက်နေ့ ညပိုင်းက မိုး ရွာသွန်း ပြီးနောက် ရွာအတွင်းရှိ အိမ်ခြေ(၂၀)ခန့်၏ အိမ်ဝိုင်းများတွင် မြေအက််ကြောင်းကြီးများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်အတွက် ဇွန်လ(၅)ရက်နေ့က မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် မန်းရေးနံမြေမှ ဘူမိဗေဒ အင်ဂျင်နီယာ၊ ဆည်းမြောင်းဌာနအင်ဂျင်နီယာ တို့က သွားရောက် လေ့လာကြည့်ရူ ခဲ့ကြောင်း သိရသည်။

“ကျွန်တော်နဲ့ မန်းရေးနံမြေမှဘူမိဗေဒ အင်ဂျင်နီယာ ဆည်မြောင်းအင်ဂျင်နီယာတို့ သွားရောက် လေ့လာခဲ့တယ်။ ဒီနှစ် အပူရှိန်မြင့်မားတယ်လေ။ နေပြင်းပြီး မိုးရွာချတော့ မြေကြီးက အက်ကွဲကြောင်း တွေဖြစ်တာလို့ အင်ဂျင်နီယာတွေက ပြောတယ်။ အဲ့မြေက သဲနုံးမြေတွေဆိုတော့ ရေဝင်သွားပြီး အက်ကွဲကြောင်းတွေဖြစ်တာပါ” ဟု မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးက ပြောသည်။

ရိုးကုန်းကျေးရွာသည် မုန်းချောင်း မြစ်ကမ်းနံဘေးတွင်ရှိပြီး မုန်းချောင်း ရေကြီးချိန်များတွင် ကမ်းပါးပြို နိုင်သည့်အန္တရာယ်ဖြစ်နိုင်သဖြင့် ပြောင်းရွှေ့ပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို အခြေအနေ တင်ပြပြီး ဆက်လက်ပံ့ပိုးပေးနိုင်ရန်ဆောင်ရွက်သွားမည်ဟု ဦးစန်းဌေးက ပြောသည်။

“ပြောင်းရွှေ့ပေးဖို့က မြေကြီးမရှိသေးဘူး။ အဲ့ဒီရွာနံဘေးက လယ်သမားရှိတယ်။ လယ်သမားကလည်း မြေမရောင်းဘူးဖြစ်နေတယ်။ လယ်သမားနဲ့ ညှိနှိုင်းနေပါတယ်။ အခုကတော့ မိုးကအများကြီး မရွာ သေးဘူး။ မုန်းချောင်းကလည်း ချောင်းရေ မတိုးသေးဘူး။ မြစ်ရေကြီးချိန် ချောင်းရေတိုးချိန် ဆိုရင် တော့ ကမ်းပါးပြိုတာတွေဖြစ်နိုင်တဲ့အတွက် လွတ်တဲ့နေရာရွှေ့ပေးဖို့ တိုင်းအစိုးရကို တင်ပြပြီး ပ့ံပိုး မှုတွေဆောင်ရွက်ပေးသွားမှာပါ” ဟု မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေး ကပြောသည်။

အဆိုပါ အက်ကြောင်းများ၏ အကျယ်မှာ (၁)ပေမှ၁ပေခွဲ နီးပါးရှိပြီး အနက်မှာ (၁၅)ပေနီးပါး ( ဝါးတစ်လုံးထိုးကြည့်ရာတွင် အောက်သို့မရောက်)ခန့် အနက်ရှိကြောင်း ရိုးကုန်းကျေးရွာ ရွာခွဲတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly