ကျွဲဆည်ကန် ကားကြီးကွင်းအတွင်းရှိ ဂိတ်နှင့်ဆိုင်ခန်းများ ပြောင်းရွှေ့ရမည့်အပေါ် ကန့်ကွက်

ကျွဲဆည်ကန် ကားကြီးကွင်းအတွင်းရှိ ဂိတ်နှင့်ဆိုင်ခန်းများ ပြောင်းရွှေ့ရမည့်အပေါ် ကန့်ကွက်
  ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ

မန္တလေး(ဇွန်လ ၆ရက်၊ ၂၀၁၉ခုနှစ်)။      ။ မန္တလေးမြို့၊ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း(ကျွဲဆည်ကန် ကားကြီးကွင်း)ကို စည်ပင်က အသစ်တည်ဆောက်မည်ဖြစ်သဖြင့် ကားကွင်းအတွင်းရှိ ယာဉ်အသင်းများ၊ ဂိတ်များနှင့် ဈေးဆိုင်ခန်းများကို ယာယီယာဉ်ရပ်နားစခန်းသို့ ပြောင်းရွှေ့ရမည့်အပေါ် ကန့်ကွက်ကြောင်း လက်မှတ်ကောက်ခံမှုတစ်ခု ဇွန်လ ၅ရက်က ပြုလုပ်ခဲ့သည်။

ယာယီပြောင်းရွှေ့ရမည့် နေရာသည် ခရီးသည်ပို့ဆောင်ရေးအတွက် အဆင်မပြေသလို ခရီးသည်များ နားနေရန် အခက်အခဲများ ရှိသည်ဟုဆိုကာ မန္တလေးစည်ပင်သာယာရေးကော်မတီ၏ ရွှေ့ပြောင်းရေးအစီအစဉ်အပေါ် ကန့်ကွက်သည့် လက်မှတ်ကောက်ခံခြင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယာဉ်ရပ်နားစခန်း စည်းကမ်းထိန်းသိမ်းရေးနှင့်သာယာလှပရေးကော်မတီ ရုံးခန်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ စည်ပင်အနေနဲ့ ကျွန်တော်တို့ ယာဉ်လုပ်ငန်းရှင်တွေနဲ့ ခေါ်ယူ ညှိနှိုင်းဆွေးနွေးတာမရှိဘူး။ အခုယာယီလုပ်ထားတဲ့နေရာက ကားတွေရော၊ ခရီးသည်ရော၊ စျေးဆိုင်တွေရော အဆင်မပြေဘူး။ ကားရပ်စရာကို မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ မရွှေ့နိုင်ဘူး။ ကန့်ကွက်ပါတယ်" ဟု အဆိုပါ ယာဉ်ရပ်နားစခန်း၏ စည်းကမ်းထိန်းသိမ်းရေးနှင့် သာယာလှပရေးကော်မတီ နာယက ဦးကျော်မင်းက ပြောသည်။

ယနေ့တွင်ပင် ကန့်ကွက်လက်မှတ်ပေါင်း ၁၅၂ခု ရရှိကာ လက်မှတ်များကို ဆက်လက် ကောက်ခံသွားမည်ဖြစ်ပြီး ရရှိလာသည့် ကန့်ကွက်လက်မှတ်များကို မန္တလေးတိုင်း အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဟု ကန့်ကွက်သူများက ဆိုသည်။

အဆိုပါ ကားကြီးကွင်းတွင် ယာဉ်အသင်းပေါင်း ၂၂၀ ကျော် ရှိပြီး ဆိုင်ခန်းပေါင်း ၁ဝဝကျော် ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly