တန်ဖိုးနည်းအိမ်ရာများတည်ဆောက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တိုင်းအစိုးရ ဖိတ်ခေါ်ရန်ရှိ

တန်ဖိုးနည်းအိမ်ရာများတည်ဆောက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တိုင်းအစိုးရ ဖိတ်ခေါ်ရန်ရှိ

ရန်ကုန်၊ ဇွန် ၆ ။           ။ ဝန်ထမ်းများနှင့် ရန်ကုန်မြို့နေပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများတည်ဆောက်ရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားရန်ရှိသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

ဇွန်လ ၅ ရက်နေ့ တိုင်းအစိုးရရုံးတွင်ပြုလုပ်ခဲ့သည့် “ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တတိယ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲ” တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့တိုင်းအတွင်းမှာ တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ဖို့ ဖိတ်ခေါ်သွားဖို့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့တိုင်းမှာ တန်ဖိုးနည်းအိမ်ရာ များစွာလိုအပ်နေပါတယ်။ ဒီတန်ဖိုးနည်း အိမ်ရာတွေ လာဆောက်မဲ့ဧရိယာတွေအတွင်းမှာ မြေတန်ဖိုးကို မယူဘဲ တည်ဆောက်နိုင်ဖို့ အတွက် ပြင်ဆင်နေပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ၁၅ နှစ်မှနေ၍ အနှစ် ၂၀ အတွင်း အရစ်ကျပေးချေနိုင်သော ရေရှည်မြှုပ်နှံမှုကို ဖိတ်ခေါ်နေခြင်း ဖြစ်ပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံသူများက ၄ နှစ် ကနေ ၈ နှစ်ခန့်အထိသာ အခြေအနေ ပေးနိုင်သောကြောင့် ဖြစ်သည် ဟု ၎င်းက ဆိုသည်။

“ ဒီတိုက်ခန်းတွေကို ဝယ်ယူတဲ့ပြည်သူတွေဟာ အရစ်ကျပေးရမယ်ဆိုရင် တန်ဖိုးပမာဏ များနိုင်ပါတယ်။ ဒီပမာဏများပြားတာက သူတို့ ရဲ့ ဝင်ငွေအခြေအနေနဲ့ ကြည့်ရင် များပြားနေနိုင်ပါတယ်။ ဒါကြောင့် ဒီတန်ဖိုးနည်းအိမ်ရာတွေကို အရစ်ကျပေးချေတဲ့နေရာမှာ အနိမ့်ဆုံးရနေတဲ့ လစာငွေထဲကနေ ဘယ်လောက်ကို ပေးနိုင်မလဲဆိုတာ တွက်ချက်ရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါတိုက်ခန်းများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့မှနေ၍ စနစ်ကျရောင်းချပေးနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် ဖိတ်ခေါ်နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ၁၅ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Sky Net နှင့်တွေ့ဆုံသည့် အင်တာဗျူးတစ်ရပ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများ၊ ရွှေ့ပြောင်း လုပ်သားများ၊ အိမ်ငှားနေရသည့် ဝန်ထမ်းများအတွက် ရည်ရွယ်ပြီး တစ်လလျှင် ကျပ်ရှစ်သောင်းခန့် ပေးသွင်းရုံဖြင့် အိမ်ခန်းများ ပိုင်ဆိုင်နိုင်ရန် တိုင်းအစိုးရမှ နိုင်ငံခြားနှစ်ရှည်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် ကြိုးစားဆောင်ရွက်နေကြောင်း ပြောဆိုထားသည်။

ထိုသို့ ကျူးကျော်နေထိုင်သူများ နေအိမ်တိုက်ခန်း ပိုင်ဆိုင်နိုင်ရေးအတွက်  ကနဦးအနေဖြင့် ရန်ကုန်တိုင်း အတွင်းရှိ ကျူးကျော်စာရင်းများကို ကောက်ယူခဲ့သည်ဟုလည်း ယင်းတွေ့ဆုံမှုတွင် ပြောဆိုထားခဲ့ပြီးနောက် ယခု သတင်းစာရှင်းလင်းပွဲတွင် ထပ်မံပြောဆိုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required