၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၈ ရက်တွင် ထုတ်ပြန်မည်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၈ ရက်တွင် ထုတ်ပြန်မည်
ယမန်နှစ် ဇွန် ၂ ရက်က တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ကြည့်ရှုနေကြစဉ်။ ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

ဇွန် ၆ ။                 ။ ၂၀၁၉ ခုနှစ် ၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ဇွန် ၈ ရက် စနေနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ပြီး အခြေခံပညာကျောင်းအချို့တွင်လည်း အောင်စာရင်းများ ကပ်ထားမည် ဖြစ်သည်။

အင်းစိန်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် သင်္ကန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်များ၏ အောင်စာရင်းများကို ကပ်ထားပေးမည် ဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများတွင် လည်းကောင်း၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံး များတွင် လည်းကောင်း ၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် လည်းကောင်း ဇွန် ၈ ရက် နံနက် ၆ နာရီနောက်ပိုင်းတွင် စုံစမ်းမေးမြန်းနိုင်သည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အောင်စာရင်းထုတ်ပြန်မည့် ဇွန် ၈ ရက် နံနက် ၆ နာရီတွင် ပညာရေးဝန်ကြီးဌာန Website ဖြစ်သော www.moe.gov.mm နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ဇွန် ၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယခင်နှစ်က တစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင် ဆယ်တန်းစာမေးပွဲ ဖြေဆိုသူ ရ၈၉၈၄၅ ယောက်ရှိသည့်အနက် အောင်မြင်သူ    ၂၅၉၁၉၁ ယောက်ရှိပြီး အောင်ချက် ၃၂ ဒဿမ ၈၂ ရာခိုင်နှုန်း ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ် ဆယ်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ အောင်ချက်ရာခိုင်နှုန်းအဖြစ် ၃၃ ဒဿမ ၈၉ ရာခိုင်နှုန်း ရရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဆယ်တန်းစာမေးပွဲတွင် အောင်ချက်  ၃၂ ဒဿမ ၈၂ ရရှိခဲ့ပြီး အောင်ချက် ၁ ဒဿမ ၀၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly