ဇိုတိုင်းရင်းသးဒေသဖွံ့ဖြိုးရေးပါတီ၏ မူဝါဒ သဘောထား

ဇိုတိုင်းရင်းသးဒေသဖွံ့ဖြိုးရေးပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၆ ။           ။ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခမ်အင်ထန်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ  ၆ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

မင်္ဂလာပါခင်ဗျား -

ဒီကနေ့၊ မြန်မာနိုင်ငံရေးသမိုင်းမှာ ဇိုတိုင်းရင်းသားဆိုတဲ့နာမည်နှင့်ပထမဆုံးအကြိမ် အခုလိုပါဝင်ခွင့်ရရှိတဲ့အတွက် ဇိုတိုင်းရင်းသားများ ကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါတယ်။

ဦးစွာဇိုတိုင်းရင်းသားဆိုတဲ့စကားရပ်ကို ရှင်းပြလိုပါတယ်။ အားလုံးသိရှိထားပြီးဖြစ်တဲ့အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိပြီး ချင်းပြည်နယ်မှာ ၅၃ မျိုးအထိ ရှိပါတယ်။ အဲ့ဒီ ၅၃မျိုးထဲမှာ(ဇို) လူမျိုးစုဟာတစ်ခုအပါအဝင်ဖြစ်သလို တစ်ချိန်တည်းမှာပဲ ''ဇို''ဆိုတဲ့စကားရပ်ဟာ ချင်းလူမျိုးစုဟာလုံးကိုလည်း ကိုယ်စားပြုထားတဲ့အမည်ဖြစ်ပါတယ်။ ဥပမာအားဖြင့် ချင်းပြည်နယ်ကို Zogam၊ ချင်းတွင်းမြစ်ကို Zogum၊ ခေါင်ရည်ကို Zo zu၊ ချင်းလူမျိုးကို Zo Minam စသည်ဖြင့်ချင်းနှင့် သက်ဆိုင်တဲ့ဝေါဟာရရှေ့မှာ Zo ဆိုတဲ့စကားလုံးကို အမြဲသုံးစွဲ လေ့ရှိပါတယ်။

တစ်နည်းအားဖြင့် ချင်းဆိုတာ မြန်မာနိုင်ငံသားအားလုံးနှင့်ကမ္ဘာကသိရှိထားတဲ့ လူမျိုးရဲ့အမည်နာမဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်တော့ ''ဇို''လို့ခေါ်ဝေါ်သုံးစွဲပါတယ်။ ''ဇို'' တိုင်းရင်းသားဆိုတာ ချင်းတိုင်းရင်းသား လို့အဓိပ္ပာယ်သက်ရောက်ပါတယ်။ တစ်နည်းပြောရရင် ချင်းလူမျိုးများရဲ့မူရင်း နာမည်ဟာ ''ဇို'' ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာမှီတင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးကို သုတေသနပြု မှတ်တမ်း တင်ခဲ့တဲ့ အင်္ဂလိပ် သမိုင်းသုတေသီတွေရဲ့မှတ်တမ်းမှာ အခုလိုဆိုထားပါတယ်။

There were a few British officers who tried to understand the people they were dealing with: outstanding among whom was Tom Lewin, who said;

"The generic name of the whole nation is Zo''

အဓိပ္ပာယ်ကတော့ - အဲ့ဒီဒေသခံလူတွေအကြောင်း နားလည်အောင်ကြိုးပမ်းခဲ့တဲ့ အင်္ဂလိပ်အရာရှိ အနည်းငယ်ထဲက အထင်ရှားဆုံးတစ်ဦးဖြစ်သူ Tom Lewin ရဲ့အဆိုအရ -

အဲ့ဒီဒေသတစ်ခုလုံးရဲ့ယေဘုယျတူညီတဲ့ အခေါ်အဝေါ်ကတော့ Zo ဆိုတာပဲဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။ ယခုအခါ Logo အကြောင်း အနည်းငယ်ရှင်းပြလိုပါတယ်။  Logoရဲ့ပုံသဏ္ဍာန်ဟာ ဒိုင်းပုံကဏ္ဍာန်ဖြစ်ပြီး အကာအကွယ်ပြုခြင်းလို့ အဓိပ္ပာယ်ဆောင်ပါတယ်။ Logo  ရဲ့ထိပ်ဆုံးမှာ အင်္ဂလိပ်စာလုံးနဲ့ Z. N.R.D ဆိုတဲ့စာတန်းကိုတွေ့ရမှာဖြစ်ပါတယ်။ ''ဇို'' တိုင်းရင်းသားဒေသဖွံ့ဖြိုးရေး ပါတီZo National Region Development Party ရဲ့ အတိုကောက်ဖြစ်ပါတယ်။

Logo ရဲ့အောက်ခံအနီရောင်ဟာ ''ဇို'' တိုင်းရင်းသားအထိမ်းအမှတ်ပန်းဖြစ်တဲ့ တောင်ဇလပ်ပန်းရဲ့အရောင်ဖြစ်ပါတယ်။ ရဲရင့်ခြင်းအဓိပ္ပာယ်ကိုလည်းဆောင်ပါတယ်။

Logo ရဲ့အလယ်မှာရှိတဲ့ နွားနောက်ချိုနှစ်ချောင်းရဲ့ကြား အဝါရောင်စက်ဝိုင်းထဲမှာ Zo  ဆိုတဲ့စာလုံးကို တွေ့ရမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းနိုင်ငံအသီးသီးမှာ လူမျိုးကိုယ်စားပြုတိရစ္ဆာန် (National Animal)ဆိုတာရှိပါတယ်။ ကျွန်တော်တို့ချင်း(သို့မဟုတ်)''ဇို''တိုင်းရင်းသားများအနေနှင့် နွားနောက်(သို့မဟုတ်) အောက်ချင်းငှက်ကို လူမျိုးအထိမ်းမှတ်တိရစ္ဆာန် အဖြစ် အသုံးပြုခဲ့ကြပါတယ်။

ဒါပေမယ့် နွားနောက်သင်္ကေတဟာ သမိုင်းအထောက်အထားများအရ ပိုပြီးရှေးကျတဲ့အတွက် နွားနောက်ချိုနှစ်ချောင်ကိုပါတီ Logoအနေနဲ့ ထည့်သွင်းထားခြင်းဖြစ်ပါတယ်။အလွယ်တကူနားလည်နိုင် ဖို့အတွက် Zo  စာလုံးကို အလယ်မှာ ရေးထည့်ထားခြင်းဖြစ်ပါတယ်။ အဲဒါကတော့ ပါတီ Logo နဲ့ပတ်သက်တဲ့ မှတ်သားဖွယ်ရာအချက်များ ဖြစ်ပါတယ်။

အခုအခါ ''ဇို'' တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီရဲ့ရည်ရွယ်ချက် (သို့မဟုတ်) မူဝါဒကိုတင်ပြလိုပါတယ်။ ဘယ်ပါတီမဆို ပါတီရဲ့နာမည်အခေါ်အဝေါ်ကိုကြည့်လိုက်ရင် ပါတီရဲ့မူဝါဒကိုလည်း အကြမ်းဖျင်း ခန့်မှန်း သိရှိနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့''ဇို'' တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီဆိုရင်လည်း ဒေသဖွံ့ဖြိုးရေးဆိုတဲ့ဟာကို အခြေခံထားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

ဒေသဖွံ့ဖြိုးရေးဆိုတဲ့စကားကိုကြားလိုက်တာနဲ့ လူအများနားလည်တာက ကျောင်းဆောက်တာ၊ ဆေးရုံဆောက်တာ၊ တံတားဆောက်တာ၊ လမ်းဖောက်တာစတဲ့ ရုပ်ဝတ္ထုတိုးတက်မှုတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့မူဝါဒမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုထက်ပိုပြီးတော့ အဓိကကျတဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို အခြေခံထားပါတယ်။ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို တစ်နည်းအားဖြင့် နိုင်ငံရေး အတွေးအခေါ်လို့လည်း ပြောလို့ရပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံခေါင်းဆောင်ရဲ့ နိုင်ငံရေးအတွေးအခေါ် မူဝါဒအပေါ်မှာ လုံးဝအခြေခံထားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ နိုင်ငံခေါင်းဆောင် တွေရဲ့ အတွေးအခေါ်နဲ့မူဝါဒကို လေ့လာကြည့်မယ်ဆိုရင် အခြေခံအားဖြင့်နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမအမျိုးအစားကတော့ လူကိုအခြေခံတဲ့အမျိုးသားရေးဝါဒဖြစ်ပါတယ်။

ဒုတိယအမျိုးအစားကတော့ နယ်မြေဒေသ(သို့မဟုတ်) တိုင်းပြည်ပိုင်နက်မြေကိုအခြေခံတဲ့ တိုင်းချစ်ပြည်ချစ်ဝါဒဖြစ်ပါတယ်။ အမျိုးသားရေးကိုအခြေခံတဲ့ အတွေးအခေါ်နဲ့ ဝါဒ ကြီးထွားလာတဲ့အခါမှာ လူမျိုးရေးနဲ့ဘာသာရေး အစွန်းရောက်ဝါဒီတွေဖြစ်လာကြပါတယ်။ အဲ့ဒီအမျိုးသားရေးအစွန်းရောက်ဝါဒကို အင်္ဂလိပ်  ဘာသာနဲ့(Fascism)မြန်မာမှုပြုရင် ဖက်ဆစ်ဝါဒလို့ခေါ်ပါတယ်။

ကမ္ဘာ့သမိုင်းကိုပြန်ကြည့်ရင် အမျိုးသားရေးဝါဒ(သို့မဟုတ်) ဖက်ဆစ်ဝါဒရဲ့နိဂုံးဟာ ဘယ်လောက်ပဲအင်အားကြီးနေပါစေ ပျက်စီးခြင်းနဲ့ပဲ နိဂုံးချုပ်တာတွေ့ရမှာဖြစ်ပါတယ်။ အမျိုးသားရေးကို အခြေခံတဲ့ ဥပဒေတွေဟာလည်းလူမျိုးတစ်မျိုးနဲ့ လူနည်းစုကောင်းကျိုးကိုပဲ ဦးစားပေးတဲ့အတွက် တည်တံ့ခိုင်မြဲခြင်းမရှိခဲ့ပါဘူး။ အကောင်းဆုံးဥပမာပေးရရင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနဲ့ဂျပန်နိုင်ငံတို့ဖြစ်ပါ တယ်။ အမျိုးသားရေးဝါဒီတွေဦးဆောင်ခဲ့တဲ့ ဂျာမနီနှင့်ဂျပန်နိုင်ငံတို့ဟာ စစ်ရုံးတဲ့အတွက် စစ်လျော်ကြေးပေးဖို့ ဒဏ်ခတ်ခြင်းခံခဲ့ရပြီး ဒီကနေ့ထိတိုင်အောင် မဟာမိတ်နိုင်ငံများရဲ့လက်အောက်မှာ ကြီးကြပ်ခံနိုင်ငံများအဖြစ် ရောက်ရှိခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်အခါမှာ ကမ္ဘာအရပ်ရပ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေရဲ့ အဓိကအကြာင်းအရင်းဟာလည်း အမျိုးသားရေးဝါဒပဲ ဖြစ်ပါတယ်။

အမှန်ပြောရရင် အမျိုးသားရေးဝါဒ၊ မျိုးချစ်ဝါဒဆိုတာဟာ ယဉ်ကျေးမှုနဲ့ လူမှုရေးနယ်ပယ်နဲ့ပဲ သက်ဆိုင်ပါတယ်။ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့အတွက် အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ရှိဖို့ လိုအပ်ပါတယ်။ ယဉ်ကျေးမှုဆိုတာက လူမျိုးတစ်မျိုးနဲ့ သက်ဆိုင်တဲ့အရာဖြစ်ပါတယ်။ နိုင်ငံရေးနှင့်ဘာသာရေးဆိုတာ လူမျိုးတစ်မျိုးတည်းနဲ့ သက်ဆိုင်တာမဟုတ်ဘဲ လူမျိုးအားလုံးနဲ့ သက်ဆိုင်တဲ့ အရာဖြစ် တဲ့အတွက် လူမျိုး တစ်မျိုးတည်းနဲ့ သက်ဆိုင်တဲ့ မျိုးချစ်စိတ်အမျိုးသားရေးဆိုတဲ့ဟာ ဝင်လာတာနဲ့ အဲ့ဒီနိုင်ငံရေးနဲ့ ဘာသာရေးအဖွဲ့အစည်းတွေဟာ ပြဿနာပေါင်းစုံနဲ့ရင်ဆိုင်ပြီး ဆုတ်ယုတ်ပျက်စီးမှုများနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်။

နောက်တစ်ခု၊ နယ်မြေဒေသ(သို့မဟုတ်) တိုင်းပြည်ပိုင်နက်မြေကို အခြေခံတဲ့ ဝါဒဆိုတာနဲ့ပတ်သက်လို့ တင်ပြလိုပါတယ်။ အဲ့ဒီဝါဒကိုအဓိပ္ပာယ်ဖွင့်ရင် တိုင်းချစ်၊ ပြည်ချစ်ဝါဒ(သို့မဟုတ်) ဒီမိုကရေစီ ဝါဒလို့ အနက်ဖွင့်လို့ရပါတယ်။ နိုင်ငံအားလုံးမှာ ယဉ်ကျေးမှုနဲ့ဘာသာရေးအယူအဆမတူတဲ့ လူမျိုးပေါင်းစုံနေထိုင်လျက်ရှိကြတဲ့အတွက် တိုင်းပြည်၊နယ်မြေဒေသကို အခြေပြုတဲ့ဝါဒ(သို့မဟုတ်) တိုင်းချစ်၊ ပြည်ချစ် ဝါဒအခြေခံတဲ့အခါမှာ လူမျိုးအားလုံးအတူတကွ ပေါင်းစည်းပြီးသားဖြစ်သွားပါတယ်။

အဲ့ဒါကြောင့် ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ စည်းလုံးညီညွတ်ရေးဆိုတဲ့စကားကို မပြောကြတော့ဘဲ တိုးတက် ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့် အရေးကျယ်ပြန့်ဖို့ကိစ္စကိုပဲ အဓိကထားလုပ်ဆောင်နေကြတာ ကိုတွေ့ရမှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အမျိုးသားရေးဆိုတာ လူမျိုးတစ်မျိုးနှင့် လူနည်းစုရဲ့ အကျိုးကို သာရှေးရှုပြီး ဒီမိုကရေစီဆိုတာ လူမျိုးအားလုံးရဲ့ကောင်းကျိုးနဲ့ သက်ဆိုင်တဲ့အတွက် ဖြစ်ပါတယ်။ အတိုချုပ်ပြောရရင် အမျိုးသားရေးဝါဒ(သို့မဟုတ်) မျိုးချစ်ဝါဒကို အခြေခံနေသမျှကာလပတ်လုံး ဒီမိုကရေစီမထွန်းကားနိုင်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဲဒါ့ကြောင့် ဒီကနေ့ မြန်မာနိုင်ငံမှာ နိုင်ငံတော်အနေနဲ့ ပါတီစုံဒီမို ကရေစီစနစ်ကို အခြေခံပြီး စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် ဖော်ဆောင်ကြိုးပမ်းနေချိန်မှာ မြန်မာနိုင်ငံသား အားလုံးအနေနဲ့ အမျိုးသားရေးဝါဒ၊ မျိုးချစ်ဝါဒတွေကို ပစ်မယ်ပြီး တိုင်းရင်းသား အားလုံး ပါဝင်နိုင်တဲ့ တိုင်းချစ်၊ ပြည်ချစ်ဝါဒကို ပြောင်းလဲကျင့်သုံးဖို့ အချိန်တန်ပြီဖြစ်ကြောင်း တိုက်တွန်းပြောကြား လိုပါတယ်။

တိုင်းချစ်၊ ပြည်ချစ်ဝါဒကို အခြေခံလို့ တိုးတက်လာတဲ့နိုင်ငံ အချို့ကို တင်ပြရမည်ဆိုလျှင်-အမေရိကန်၊ အိန္ဒိယ၊ စင်ကာပူ၊ အစ္စရေးစတဲ့နိုင်ငံတွေပဲ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း တစ်ချိန်ကဖက်ဆစ် ဆန့်ကျင်ရေး ဝါဒ(သို့မဟုတ်) အမျိုးသားရေးဝါဒဆန့်ကျင့်ရေးစနစ် ထွန်းကားခဲ့ဖူးပါတယ်။ အချိန်ကာလအားဖြင့် ၁၉၄၈ ခုနှစ်ကစပြီး ၁၉၆၂ခုနှစ်အထိ ၁၄ နှစ်ပဲ ကြာမြင့်ခဲ့ပါတယ်။

အဲ့ဒီခေတ်ကာလကို ရှေ့မီနောက်မီလူကြီးများက ခေတ်ကောင်းလို့ ခေါ်ဆိုခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်လေဆိပ်စတာတွေဟာ အာရှမှာ ထိပ်တန်းဖြစ်ခဲ့ပါတယ်။ ရန်ကုန်မြို့တာ်ဟာလည်းပဲ ကမ္ဘာ့ အလှပဆုံးမြို့တော်စာရင်းဝင် ဖြစ်ခဲ့ပါတယ်။ အဲဒါတွေဟာ ပြည်ချစ်ဝါဒ ဒီမိုကရေစီရဲ့အသီးအပွင့်တွေပဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်ကစပြီး အမျိုးသားရေးဝါဒတစ်ဖန် ပြန်လည်ရှင်သန်ကြီးထွားလာခဲ့တဲ့အတွက် နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်တဲ့ နိုင်ငံရေး မတည်ငြိမ်မှု၊ ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများ အမြောက်အမြားပေါ်ထွက်လာပြီး မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံစာရင်းဝင်ဖြစ်ပွားခဲ့ရပါတယ်။

''ဇို'' တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီအနေနဲ့''ဇို'' တိုင်းရင်းသားဒေသကိုအခြေပြုပြီး ပြည်ထောင်စုမြန်မာနိုင်ငံကြီး ကမ္ဘာ့အဆင့်မီ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အရေးကြီးဆုံးအချက်ဖြစ်တဲ့ တိုင်းချစ်၊ ပြည်ချစ် ဝါဒပြန်လည်ရှင်သန်ရေးကို အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ တောင်ပေါ်ဒေသကစီးဆင်းလာတဲ့ မြစ်ငယ်၊ ချောင်းငယ်များစုပေါင်းပြီး မြန်မာနိုင်ငံရဲ့အလှဂုဏ် ကျက်သရေဆောင် ဧရာဝတီမြစ်မကြီးဖြစ်လာသလို ''ဇို'' တိုင်းရင်းသားဒေနေစတင်တဲ့ တိုင်းချစ်၊ ပြည်ချစ်ဝါဒဟာ မြန်မာနိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်လာလိမ့်မယ်လို့ အလေးအနက်ယုံကြည်ပါတယ်။ အထူးပြောကြားလိုတာကတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သီချင်းထဲမှာပါရှိတဲ့ စာသားများဟာ အလွန်အနှစ်သာရရရှိပြီး ဒေသပိုင်နက်မြေကြီးကို အခြေခံထားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

အဲဒီနိုင်ငံတော်သီချင်းရဲ့ နောက်ဆုံးအပိုဒ်မှာ -

ဒို့ပြေ၊ ဒို့မြေအကျိုးကို၊ ညီညာစွာ ဒို့တစ်တွေ

ထမ်းဆောင်ပါစို့လေ၊ ဒို့တာဝန်ပေ

အဖိုးတန်မြေ။ ဆိုပြီး ကျွန်တော်တို့ရဲ့ဘိုးဘွားမြေနှင့် တိုင်းပြည်ကိုချစ်တတ်ဖို့ ရည်ညွှန်းစပ်ဆိုထားပါတယ်။

အဲ့ဒီထဲမှာ ကိုယ့်အမျိုးအကျိုးကိုပဲ ထမ်းဆောင်ရမယ်၊ ကိုယ့်အမျိုးကိုပဲ ချစ်ရမယ်ဆိုတဲ့ စာသားမျိုးမရှိပါဘူး။ အဲ့ဒီနိုင်ငံတော်သီချင်းထဲမှာ ပါရှိတဲ့ စာသားတွေကို အဓိပ္ပာယ်ရှိရှိ လက်တွေ့အကောင်အထည်ဖော် မည်ဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ ကျွန်တော်တို့အားလုံးမျှော်မှန်းကြတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအဖြစ် ရောက်ရှိလာမှာ မလွဲဧကန်ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ ''ဇို'' တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီအနေနဲ့ဒေသတစ်ခုအတွက် ကျောင်းဆောက်ပေးမယ်၊ တံတားဆောက်ပေးမယ်ဆိုတဲ့ ရုပ်ဝတ္ထုတိုးတက်မှုနဲ့သက်ဆိုင်တဲ့ ကတိကဝတ်တွေထက် တစ်တိုင်းပြည်လုံး တိုးတက်ဖို့ အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ မှန်ကန်တဲ့နိုင်ငံရေးအတွေးအခေါ်၊ မှန်ကန်တဲ့နိုင်ငံရေးဝါဒပြန်လည် ရှင်သန်ရေးအတွက် ဆောင်ရွက် သွားမှာဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားအားလုံး ကိုယ့်အမျိုးကိုယ်သာမချစ်ဘဲ ကိုယ့်တိုင်းပြည်ကိုချစ်တဲ့ ပုဂ္ဂိုလ်များဖြစ်လာကြဖို့ ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ

 ၁။  ပါတီအမည်  -  ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ
 ၂။  ပါတီအမည်(English)  -  Zo National Region Development
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၂.၃.၂၀၁၅
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးခမ်အင်ထန်းပါ(၁၅) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးခမ်းအင်ထန်၊ ဦးကျင်ရှင်းကပ်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၈.၅.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၁.၆.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၉.၇.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၉၄)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၅၀) (၅ လွှာ)A ၊ စမ်းချောင်းလမ်း၊ ရှင်စောပုရပ်ကွက်၊ မြေနီကုန်း၊ ရန်ကုန်တိုင်းဒေသကြီး
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉ - ၉၇၆၃၃၉၅၁၇ (ဦးခမ်အင်ထန်း)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly