စကားပြောမှားသွားသည်ဆိုသည့် စီမံကိန်းမှာ ပြည်နယ်အစိုးရ ဆုံးဖြတ်ချက်ဟု ဒေါက်တာအေးဇံ ပြော

စကားပြောမှားသွားသည်ဆိုသည့် စီမံကိန်းမှာ ပြည်နယ်အစိုးရ ဆုံးဖြတ်ချက်ဟု ဒေါက်တာအေးဇံ ပြော

မော်လမြိုင်၊ ဇွန် ၊ ၅ ။          ။ နိုင်ငံတော်အတိုင်ပင်ခံ၏ နှုတ်မိန့်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း စကားပြောမှားခဲ့သည်ဆိုသည့် မွန်ပြည်နယ် ရေးမြို့နယ် အောင်သပြေ-နှစ်ကရင်ကျေးရွာချင်းဆက်လမ်းစီမံကိန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုလိုက်သည်။

ယနေ့ ဇွန် ၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယ (၁) နှစ် တာ သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးမှ ရှင်းလင်းခိုင်းသည့် တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် မည်ကဲ့သို့ ရှင်းလင်းလိုပါသနည်းဟု သတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

“လုပ်ငန်းလုပ်တာ အချိန်က အခုလိုအချိန်ပဲ အရမ်းနီးကပ်နေတော့၊ အဲဒီတော့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက် ဌာနက တင်ရတယ်။ ဒီဟာက အချိန်နီးကပ်နေပြီး လုပ်ငန်းက ပြီးပြတ်ဖို့လိုပြီ။ တင်တဲ့အခါမှာ ဥပမာဆိုလို့ရှိရင် ကျေးလက်လမ်းဦးစီးက တင်တယ်။ကျေးလက်လမ်းဦးစီးက တာဝန်ခံပြီးလုပ်ရန်ဆိုပြီးတော့ ကျွန်တော်တို့အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့အကောင်အထည် ဖော်ဆောင်ရွက်ရခြင်းဖြစ်တယ်။” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဖြေကြားသည်။

နိုင်ငံတော်၏စီမံကိန်းလုပ်ငန်းကြီးများ၊ ဘဏ္ဍာငွေကြေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ဌာန အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သဘောတူညီချက်၊ ခွင့်ပြုချက် ရယူဆောင်ရွက်ရန်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်ဌာနအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက် ရယူဆောင်ရွက်ကြရန်ဖြစ်ကြောင်းကို ဒေါက်တာအေးဇံက ယနေ့ ဆက်လက်ပြောသည်။

နိုင်ငံတော်သမ္မတရုံးက ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အစိုးရဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ အရ ကျပ် ၁၀ သန်း နှင့်အထက်လုပ်ငန်းများအတွက် တင်ဒါခေါ်ယူရမည်ဟု ထုတ်ပြန်ခဲ့သော်လည်း နှစ်ကရင်-အောင်သပြေ ကျေးရွာချင်းဆက်လမ်းကို နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြု ငွေကျပ်သန်းပေါင်း ၁၀၀၀ ကို တင်ဒါခေါ်ယူခဲ့ခြင်းမရှိဘဲ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက Southern Myanmar Development Co,Ltd (SMD) ကုမ္ပဏီိအား လုပ်ပိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စကို မေ ၃ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက အောင်သပြေ -နှစ်ကရင်လမ်းကို Southern Myanmar Development Co,Ltd (SMD) ကုမ္ပဏီအား တာဝန်ပေးဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့် အညီ ဖြစ်ခဲ့ပါသလားဟု မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါစီမံကိန်းကို တင်ဒါ မခေါ်ယူခဲ့ခြင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်ဖြစ်ပါကြောင်း၊ Mini Budget တွင် ကင်းလွတ်ခွင့်ရှိသည့်အတွက် အမြန်လုပ်ရသည့်ကိစ္စရပ်ဖြစ်ကြောင်း ဒေါက်တာအေးဇံက ယင်းနေ့က ဖြေဆိုခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မော်လမြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီးဟောင်းဖြစ်သူ ဦးမင်းထင်အောင်ဟန်က “ ကျွန်တော်တို့အစိုးရ ကက်ဘိနက်မှာ ဆုံးဖြတ်ထားတဲ့ကိစ္စ၊ ဒီလုပ်ငန်းကို တင်ဒါမခေါ်ယူဘဲ SMD ကုမ္ပဏီကို ပေးလိုက်ရင် လွှတ်တော်ကြရင် ကျွန်တော်တို့ ဘယ်လိုရှင်းပြရမလဲ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအရအရလည်း သိန်းတစ်ရာ ကျော်နေရင် တင်ဒါခေါ်ယူရမှာ၊ အရေးပေါ်ကိစ္စမို့လို့ ဌာနကို တာဝန်ပေးရမှာက တစ်မျိုးပေါ့။ဒါကို လွှတ်တော်မှာ သူတာဝန်ယူတယ်တဲ့၊ လွှတ်တော်မှာ သူရှင်းမယ်လို့ ပြောပြီး သူဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။” ဟု မေလ ၇ ရက်နေ့မှာ ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၃)ကြိမ် မြောက် ပုံမှန်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုသည်။

နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ယင်းကိစ္စမှာ အတိုင်ပင်ခံပုဂ္ဂိုလ် မပြောခဲ့သလို နှုတ်မိန့်ဖြင့် ညွှန်ကြားခဲ့ခြင်းမရှိကြောင်း ပြောဆိုခဲ့ပြီး၊ လွှတ်တော်မှာ နောက်ဆက်တွဲ မေးခွန်းဖြေကြားရင်း စကားပြောမှားသွားခဲ့ခြင်း ဖြစ်သည်ဟု ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ဖြေရှင်းချက်ပေးခဲ့သည်ဟု မေလ ၃၁ ရက်နေ့တွင် သတင်းထောက်များကို ပြောဆိုထားသည်။

၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ် ဘားအံမြို့ လူထုတွေ့ဆုံပွဲမှာ “ ဒီမိုကရေစီစနစ်သို့ ဦးတည်ရာတွင် မည်သည့်အရာမျှ နှုတ်မိန့်ဖြင့် လုပ်၍မရ “ ဟု ပြည်သူများအား အသိပေးပြောကြားထားမှုများလည်း ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly