ဖလော်ရီဒါမှာ လူနေအိမ်ထဲ ဝင်သောင်းကျန်းတဲ့ ဧရာမ မိကျောင်းကြီးကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရ

ဖလော်ရီဒါမှာ လူနေအိမ်ထဲ ဝင်သောင်းကျန်းတဲ့ ဧရာမ မိကျောင်းကြီးကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရ

ဇွန် ၅ ။             ။ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က နေအိမ်တစ်အိမ်ထဲ ညအချိန်မတော် ဧရာမ မိကျောင်းကြီးတစ်ကောင် ဖောက်ဝင်လာပြီး  သောင်းကျန်းခဲ့လို့ အိမ်သားတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

Clearwater မြို့မှာ ရှိတဲ့ အဆိုပါ လူနေအိမ်ထဲ ဝင်မွှေနှောက်သောင်းကျန်းခဲ့တဲ့ မိကျောင်းကြီးကိုတော့ မြို့ခံ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ရပါတယ်။

အရှည် ၁၁ ပေ ခန့်ရှိ ယင်း မိကျောင်းကြီးကတော့ အိမ်ရှင်ဖြစ်တဲ့ Mary Wicshhusen  ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ နေအိမ်တွင်း မီးဖိုချောင်ထဲမှာ ပြီးခဲ့တဲ့ မေ ၃၁ ရက် ညပိုင်းက ရောက်နေခဲ့တာဖြစ်ပါတယ်။

“ သူ့ကြောင့် ၀ိုင်ပုလင်းတွေလည်း ကွဲကျကုန်တယ်လေ” လို့ အိမ်ရှင်ဖြစ်သူက ပြောပါတယ်။

ယင်း မိကျောင်းကြီးကတော့ မြေညီထပ် ပြတင်းမှန်တံခါးတစ်ခုကနေ ဖောက်ဝင်ပြီး အိမ်ထဲမှာ ရောက်နေခဲ့တာဖြစ်ပါတယ်။

ယင်းနေ့ မနက် ၃ နာရီလောက်က Wicshhusen ဟာ အသံတစ်သံ ကြားလို့ သွားကြည့်ခဲ့ရာကနေ မိကျောင်းကြီးကို တွေ့လို့ အိပ်ခန်းထဲ ပြန်ပြေးလာပြီး တံခါးပိတ် ရဲကို ဖုန်းဆက်ခေါ်ခဲ့ရတယ်လို့ သိရပါတယ်။

ယင်းနောက် ရဲတပ်ဖွဲ့က လာရောက်ပြီး အဆိုပါ ဧရာမ မိကျောင်းကြီးကို ဖမ်းဆီးသွားခဲ့ပါတယ်။

ခုလို မိကျောင်းဝင်သောင်းကျန်းမှုမှာ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly