ပထမဆုံး ပြည်ပပြိုင်ပွဲဖြစ်သော်လည်း တုန်လှုပ်မှုမရှိသည့် ဖိုးသော်

ပထမဆုံး ပြည်ပပြိုင်ပွဲဖြစ်သော်လည်း တုန်လှုပ်မှုမရှိသည့် ဖိုးသော်

မြန်မာနိုင်ငံကိုယ်စားပြုကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားဖိုးသော်သည် လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပမည့် ONE: Legendary Quest ပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံသား Victorio Senduk နှင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းတွင် ယှဉ်ပြိုင်ကစားရမည့် ပွဲအပေါ် တုန်လှုပ်မှု စိုးစဉ်းမျှမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါပွဲစဉ်သည် ဖိုးသော်အတွက် ပထမဦးဆုံး ပြည်ပနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင် ကစားရမည့်ပွဲဖြစ်ပြီး ယခင်ပွဲများကဲ့သို့ ကိုယ့်မြေကိုယ်ပရိသတ်ရှေ့တွင် မကစားရခြင်းအတွက် ကြီးမားသည့် အပြောင်းအလဲမရှိကြောင်း ဖိုးသော်က ထုတ်ဖော်ပြောကြားလိုက်သည်။

“ဒါဟာ ကျွန်တော်ရဲ့ ပထမဆုံး ပြည်ပမှာ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲပါ။ ပထမဆုံး တွေ့ကြုံရမယ် အတွေ့အကြုံပေါ့။ ဘာတွေဖြစ်လာမယ်ဆိုတာ ကျွန်တော်မပြောနိုင်သေးပါဘူး။ ရာသီဥတု မတူညီတာနဲ့ ခရီးပန်းတာတော့ ကြုံတွေ့ရမယ် အခြေအနေလို့ ခန့်မှန်းထားပါတယ်။ ကျွန်တော် ပရိသတ်တွေနဲ့ ကျွန်တော် အမြဲတမ်း နေရာအမျိုးမျိုးကနေထိတွေ့နေတာကြောင့် ပြည်ပမှာ ကစားရတာ သိပ်အများကြီး ပြောင်းလဲမှာမဟုတ်ပါဘူး။” ဟု ဖိုးသော်က ပြောကြားခဲ့သည်။

ဖိုးသော်သည် ONE Championship ပြိုင်ပွဲတွင် ၈ ပွဲကစားထားရာ ပြိုင်ပွဲအားလုံးကို ကိုယ်မြေ ကိုယ်ပရိသတ်ရှေ့တွင် ယှဉ်ပြိုင် ကစားရခြင်းဖြစ်သည်။ ယခုပြိုင်ပွဲတွင် ဖိုးသော်အနေဖြင့် အားကစားရုံအတွင်း မြန်မာ ပရိသတ်မြောက်များစွာ၏ အားပေးသံမပါပဲ ယှဉ်ပြိုင်ရမည့် ပထမဆုံးပွဲဖြစ်ပြီး ဖိုးသော်အတွက် အိမ်ကွင်း အဝေးကွင်း မရွေးသည့် ကစားသမားတစ်ဦး ဖြစ်ကြောင်းကိုပြသနိုင်မည့် အခွင့်အရေး တစ်ရပ်လည်းဖြစ်သည်။ သို့သော် ဖိုးသော်ကဲ့သို့ပင် Victorio Senduk သည်လည်း ပြည်ပတွင် ယှဉ်ပြိုင်ရမည်သာ ဖြစ်သောကြောင့် ၎င်းတိုု့နှစ်ဦးစလုံးတွင် မည်သူမျှ  ပရိသတ် အားပေးမှုအရ အခွင့်သာမရှိပဲ တန်းတူညီတူသာ ဖြစ်ခဲ့သည်။

“ဒီပွဲကို ကျွန်တော် ပရိသတ်တွေ တီဗွီ အစီအစဉ်ကနေ အားပေးနေလိမ့်မယ်ဆိုတာ ကျွန်တော် အခိုင်အမာယုံကြည်ထားတယ်။ သူတို့တီဗီကနေသော်လည်းကောင်း၊ အင်တာနက်ကနေသော်လည်းကောင်း အားပေးနေတာလည်း ကွင်းထဲမှာ လာအားပေးနေတာနဲ့ အတူတူပါပဲ။ ကျွန်တော်အနေနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးရသပေးနိုင်တဲ့ ပွဲတစ်ပွဲပေးချင်တာပါ။ ဆိုလိုတာက ရိုးရိုးတန်းတန်းနိုင်သွားတာမျိုးထက် စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ပွဲရဲ့ ရသအပြည့်ရအောင်ပေးချင်ပါတယ်” ဟု ဖိုးသော်က ဆိုသည်။

ဖိုးသော်အနေဖြင့် အဆိုပါပွဲယှဉ်ပြိုင်ရန်အတွက် အမေရိကန်နိုင်ငံ၊ ဘောစတွန်မြို့ရှိ Citadel Martial Arts Gym နှင့် Florian Martial Arts Center တို့တွင် သွားရောက်လေ့ကျင့်လျက်ရှိသည်။

“ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေတုန်းက အိမ်နီးနားချင်းနိုင်ငံတွေမှာပဲ သွားရောက်လေ့ကျင့်ဖြစ်ခဲ့တယ်။ အမေရိကားမှာ လေ့ကျင့်ဖို့ ရွေးချယ်ဖြစ်ခဲ့တာတော့ ဒီပွဲက ကျွန်တော်ရဲ့ ပထမဆုံး ပြည်ပမှာ ယှဉ်ပြိုင်ရမယ့် ပွဲဖြစ်နေတာကြောင့်လည်း ပါတာပေါ့။ အမေရိကားမှာ လေ့ကျင့်ရလို့ ဘယ်အပိုင်းတွေ ပိုပြီးတိုးတက်လာသလဲဆိုတော့ ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်ရဲ့ သဘောတရားတွေကို ပိုပြီး နားလည်းသဘောပေါက်လာတယ်။” ဟု ဖိုးသော်က ၎င်း၏ လေ့ကျင့်မှု အခြေအနေများကို ပြောကြားခဲ့သည်။

ဖိုးသော်နှင့် ယှဉ်ပြိုင် ကစားရမည့် Senduk သည် အင်ဒိုနီးရှား လက်ရွေးစင် ဝူရူးအားကစားသမား တစ်ဦးဖြစ်ပြီး ONE Championship နှင့်အတူ ၄ ပွဲ ကစားထားပြီး ၂ပွဲနိုင် ၂ပွဲရှုံးနိမ့်ထားသည်။ ၎င်းသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် ONE: Conquest of Heroes ပြိုင်ပွဲပြီးနောက် ဒဏ်ရာ အခြေအနေကြောင့် ရလ ခန့် အနားယူခဲ့ရသည်။

ဖိုးသော်အနေဖြင့် လက်ရှိအချိန်တွင် မြေပြင်ချုပ်ကွက်ကစားနည်း လေ့ကျင့်ခန်းများအပြင် မတ်ရပ်ထိုးနှက် ကစားနည်းလေ့ကျင့်ခန်းများကိုပါ ပူးတွဲလေ့ကျင့်လျက်ရှိပြီး အဆင့်သင့်အနေအထားတွင်ရှိနေပြီဖြစ်သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly