ဒေါ်အောင်ဆန်းစုကြည်၏ ချက်သမ္မတနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ-ချက် နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့

By Czech Raido
05 June 2019
ဒေါ်အောင်ဆန်းစုကြည်၏ ချက်သမ္မတနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ-ချက် နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့
Photo by Michal CIZEK / AFP

ဇွန် ၅ ။        ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ချက်သမ္မတနိုင်ငံခရီးစဉ်အတွင်း မြန်မာ-ချက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံဆောင်ရွက်မှုတွေကို မြှင့်တင်သွားရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရလဒ်အနေနဲ့ကတော့ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Andrej Babis နဲ့ စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီး Karel Havlicek တို့ဟာ ယခုနှစ် ဆောင်းဦးကာလလောက်မှာ မြန်မာနိုင်ငံကို လာရောက်နိုင်တယ်လို့ သိရပါတယ်။

ဒီလို မြန်မာနိုင်ငံကို လာရောက်မယ့် ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် Prague မြို့မှာ ရောက်ရှိနေစဉ် အခါသမယ ချက်-မြန်မာ စီးပွားရေးဖိုရမ်မှာ ချက် ကုန်သွယ်ရေးဝန်ကြီး Mr Havlicek က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ချက်နိုင်ငံမှာ တရားဝင် သုံးရက်တာ ခရီးစဉ် ရောက်ရှိနေခဲ့တာဖြစ်ပြီး ယင်းခရီးစဉ်ပြီးနောက် ဟန်ဂေရီနိုင်ငံကို ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။

စီးပွားရေး ဖိုရမ်မှာ ဝန်ကြီးချုပ် Mr Babis က ပြောကြားရာမှာတော့ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ တိုးတက်လာနေခဲ့ကြောင်း အလေးပေး ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ယမန်နှစ်တုန်းက အာရှဒေသဆီ ချက်ရဲ့ ပို့ကုန်တင်ပို့မှုဟာ ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့သော်ငြားလည်း မြန်မာကနေ ချက်သမ္မတနိုင်ငံဆီ ပို့ကုန်တင်ပို့မှုကတော့ ၆၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly