ရခိုင်အရေးသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း နိုင်ငံတကာမှ အလေးပေးနေဟု ဆို

ရခိုင်အရေးသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း နိုင်ငံတကာမှ အလေးပေးနေဟု ဆို
ဓာတ်ပုံ-အတိုင်ပင်ခံရုံး

ရန်ကုန် ၊ ဇွန် ၅ ။            ။ ရခိုင်ပြည်နယ်အရေးကိစ္စများအပါအဝင် ငြိမ်းချမ်းရေးကိစ္စရပ်များနှင့်အသွင်ကူးပြောင်းရေးကိစ္စရပ်များသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းအချို့သာ ဖြစ်သော်လည်း နိုင်ငံတကာမှ ရခိုင်အရေးအား အလေးပေးနေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဇွန်လ ၄ ရက်နေ့က ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့ရှိ Charles University ၌ပြုလုပ်သည့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုအတွေ့အကြုံနှင့်ပတ်သက်သည့် ဟောပြောပို့ချမှုအစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံတကာအနေဖြင့် ရခိုင်အရေးကိစ္စများအား စိတ်ဝင်စားအလေးပေးနေသော်လည်း အသွင်ကူးပြောင်းမှု အခြေအနေ၌ မြန်မာပြည်သူများ ရရှိလိုသည့် ရာစုနှစ်ဝက်ကျော်ကြာ မျှော်လင့်ချက်များနှင့် လိုအင်ဆန္ဒများကိုမူ အလေးထား စိတ်ဝင်စားမှုအလွန်နည်းပါးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံ၏ အဓိကလိုအပ်ချက်များဖြစ်သည့် ရေရရှိရေး ၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး ၊ လျှပ်စစ်ဓါတ်အား လုံလောက်ရေး ၊ ကောင်းမွန်သည့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးတို့ ဖြစ်ပြီး ယင်းကိစ္စရပ်များသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ကိစ္စရပ်များ ဖြစ်သော်လည်း နိုင်ငံတကာမှ စိတ်မဝင်စားသည့် သာမန်ကိစ္စရပ်များသာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန်ယူခဲ့ပြီးနောက် ဖြေရှင်းနေရသည့် အခက်အခဲမှာ ရခိုင်အရေးကိစ္စ ဖြစ်ပြီး ပြဿနာ၏ အခြေခံအရင်းအမြစ်ကို အလေးထားဖြေရှင်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၂ ရက်မှ ၄ ရက်နေ့အထိ ချက်ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ချက်သမ္မတနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးရောက်ရှိနေခြင်းဖြစ်ပြီး ဇွန် ၅ ရက်နှင့် ၆ ရက်များတွင် ဟန်ဂေရီနိုင်ငံသို့ ဆက်လက်သွားရောက်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly