ဓမ္မစက်ဖြင့် ခေါ်ယူဆုံးမပြီးမှ အာဏာစက်အတိုင်းသွားခြင်းက နည်းလမ်းမှန်မည်ဟု မိန့်ဆို

ဓမ္မစက်ဖြင့် ခေါ်ယူဆုံးမပြီးမှ အာဏာစက်အတိုင်းသွားခြင်းက နည်းလမ်းမှန်မည်ဟု မိန့်ဆို

မော်လမြိုင် ၊ ဇွန် ၊ ၅ ။             ။ ဆရာတော် ဦးဝီရသူကို ဓမ္မစက်လမ်းကြောင်းအတိုင်း ခေါ်ယူဆုံးမပြီးမှသာလျှင် အာဏာစက်လမ်းကြောင်း အတိုင်းသွားခြင်းက ဓမ္မဝိနိယဥပဒေအားလုံးနှင့် နည်းလမ်းတကျဖြစ်မည်ဟု အမျိုးဘာသာသာသနာအတွက် ဆုတောင်းမေတ္တာပို့ပွဲ အခမ်းအနားကျင်းပရေး ပြောရေးဆိုခွင့်ရှိသူ ဦးသုစိတ္တသာရက  မိန့်ကြားသည်။

ယမန်နေ့ ဇွန် ၄ ရက် မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော်တွင် ပြုလုပ်သော အမျိုးဘာသာသာသနာ အတွက် ဆုတောင်းမေတ္တာပို့ပွဲတွင် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

“ ဦးဇင်းတို့ မြန်မာနိုင်ငံမှာ နိုင်ငံတော်သံဃနာယကဆိုတဲ့ ဆရာတော်ဘုရားကြီးများ အဖွဲ့အစည်းဆိုတာ ရှိပါတယ်။ ဆရာတော်ကြီးတွေရဲ့အောက်မှာဆိုရင် ၀ိနိဇယရုံးဌာနတွေ ရှိပါတယ်။ပြောရရင် ဓမ္မစက်ပေါ့နော်။ ဓမ္မစက်နဲ့ ဆရာတော် ဦးဝီရသူကို ခေါ်ယူဆုံးမပြီးမှသာလျှင် အာဏာစက် နောက်က လိုက်ရတာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဘယ်လိုကြောင့်လဲတော့ ဦးဇင်းမသိဘူး။ ဓမ္မစက်ကို အာဏာစက်က လွှမ်းမိုးလာတာကို တွေ့ရတယ်” ဟု အမျိုးသားရေးဆရာတော် ဦးသုစိတ္တသာရက မိန့်ဆိုသည်။

“ ဓမ္မစက် အနေနဲ့ နိုင်ငံတော်သံဃနာယကဆရာတော်ကြီးတွေရဲ့ ခေါ်ယူဆုံးမမှု သြဝါဒပေးပြီးတဲ့အခါမှာ အာဏာစက်အနေနဲ့သွားခြင်းဟာလျှင် ဓမ္မဝိနိယဥပဒေလမ်းကြောင်း နည်းဥပဒေ ချမှတ်ထားတဲ့ ဥပဒေအားလုံးနဲ့ နည်းလမ်းတကျဖြစ်မှာ ဖြစ်ပါတယ်။ ခုဟာတွေက ဓမ္မစက်ကို အာဏာစက်က ကျော်လွန်ပြီးတော့ လုပ်ဆောင်လာတာတွေဟာ တရားမျှတခြင်းမရှိဘူးလို့ အကြမ်းဖျဉ်းတော့ အဲလို သုံးသပ်ပါတယ်။” ဟု ဆရာတော်က မိန့်ကြားသည်။

အဆိုပါ ဆုတောင်းမေတ္တာပို့ပွဲတွင် ဆရာတော်ဦးဝီရသူအား တိုက်ရိုက်မေတ္တာပို့နေခြင်းမျိုးမဟုတ်ဘဲ ကဏ္ဍ ခွဲခြားကာ မေတ္တာပို့နေခြင်းဖြစ်သည့်အပြင် နိုင်ငံရေးပုတ်ခတ်ခြင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် စော်ကားခြင်းမရှိဘဲ မြတ်စွာဘုရား၏ တရားတော်အတိုင်း အမျိုးဘာသာသာသနာအတွက် ဆုတောင်းမေတ္တာ ပို့ခြင်းသာ ဖြစ်ကြောင်း ပွဲကျင်းပရေးများဘက်မှ သိရသည်။

ဆုတောင်းမေတ္တာပို့ပွဲသို့ မွန်ပြည်နယ်ရှိ မြိုနယ်များမှ စိတ်ပါဝင်စားသူ ရဟန်းသံဃာတော်များ၊ အမျိုးသား၊ အမျိုးသမီး အင်အား ၂၀၀ ကျော်ခန့်တက်ရောက်ကာ ဆုတောင်းမေတ္တာပို့ခဲ့ကြပြီး ယခုပွဲကို တက်ရောက် ရေးအတွက် မည်သည့်အဖွဲ့အစည်းကိုမှ ဖိတ်စာနှင့်တကွ ဖိတ်ကြားထားခြင်းမျိုးမရှိကြောင်း ဆိုသည်။

“ ဆရာတော်ဦးဝီရသူက ပရိယတ္တိလုပ်ငန်းတွေ၊ ပရိတ်သတ်လုပ်ငန်းတွေနဲ့ သာသနာပြုလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဦးဇင်းတို့ပြောတဲ့အထဲမှာလည်း ပါတယ်။ ငါနဲ့မတူ ငါ့ရန်သူ လို့ ထင်တဲ့ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ သူ ပြောတဲ့စကားလုံးရဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်ဟာ ဘယ်လို အတိုင်းအတာမျိုးနဲ့ ပြောတဲ့ဆိုတာမျိုးက ဓမ္မဓိဌာန်ကျကျ ရှုမြင်တတ်ဖို့လိုပါတယ်” ဟု ဦးသုစိတ္တသာရက မိန့်သည်။

ဆုတောင်းပွဲတွင် မြန်မာပြည်အတွင်းနေထိုင်သော သတ္တဝါများ ကျန်းမာချမ်းသာစေကြောင်း၊ ဗုဒ္ဓဘာသာ သာသနာ ရောင်ဝါနေလို့ လင်းစေပြီး ဖိနှိပ်ခံရခြင်းမှ ကင်းဝေးစေလိုကြောင်း၊ ဘုရားသားတော်သံဃာတော်များ ၆၆ ဃ ပုဒ်မ၊ ၁၂၄ က ပုဒ်မ ငြိစွန်းခြင်းမှကင်းစေလိုကြောင်း၊ ဆရာတော်ဦးဝီရသူ ဘေးရန်ကင်းပြီး ရန်သူမိစ္ဆာလက်မှ လွတ်စေလိုကြောင်း၊ တရားရေးမဏ္ဍိုင် တည့်မတ်ပြီး တရားသဖြင့် ဖြစ်စေလိုကြောင်း၊ မီဒီယာသမားများ အမှန်ရေးပြီး ဝင်ငွေဖြောင့်ကာ မေတ္တာရရှိစေလိုကြောင်း ဆုတောင်းမေတ္တာပိုခဲ့သည်။

ဆရာတော်ဦးဝီရသူ အချုပ်အနှောင်ကင်းစေရေးအတွက် ဆုတောင်းပွဲကို မေ ၃၀ ရက်မှ ဇွန် ၁ ရက်နေ့အထိ ရန်ကုန်မြို့တွင် ဆုတောင်းပွဲ လုပ်ခဲ့ပြီး ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားမှာ ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သေးသည်။

မေလ ၅ရက်က ရန်ကုန်မြို့လယ်တွင် ဦးဝီရသူ၏ ဟောပြောချက်များသည် အုပ်ချုပ်ရေး အပါအဝင် မဏ္ဍိုင်ကြီး (၃)ရပ်ကို စော်ကားပြောဆိုပြီး ဆဲဆိုသည့် စကားရပ်များ ပါဝင်သည်ဟုဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် မေလ ၂၈ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့မှုကို တရားရုံးက လက်ခံကာ ဖမ်းဝရမ်း ထုတ်ပေးခဲ့ပြီး ဇွန်လ ၄ရက်ကို ဖမ်းဝရမ်း နောက်ဆုံး ရက်အဖြစ် သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly