ဦးဝီရသူကို ယနေ့ ဖမ်းမမိပါက ဝရမ်းပြေးအဖြစ် ကြေညာရမည်

ဦးဝီရသူကို ယနေ့ ဖမ်းမမိပါက ဝရမ်းပြေးအဖြစ် ကြေညာရမည်
(ဓာတ်ပုံ- ညွှန့်ဝင်း/အီးပီအေ)

နေပြည်တော်(ဇွန်လ ၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ ယနေ့ ဇွန်လ (၄)ရက်သည် ဦးဝီရသူကို ဖမ်းဆီးရန် တရားရုံးက ထုတ်ထားသည့် ဖမ်းဝရမ်းအရ နောက်ဆုံးသတ်မှတ်ရက် ဖြစ်ပြီး အကယ်၍ သတ်မှတ်ချိန်အတွင်း ဖမ်းမိခဲ့ခြင်း မရှိပါက ဥပဒေကြောင်းအရ တရားခံပြေးအမှု ဖွင့်ကာ တရားလိုပြသက်သေများကို ကြားနာပြီးနောက် တရားခံပြေးအဖြစ် ကြေညာရမည် ဖြစ်သည်။

မေလ ၅ရက်က ရန်ကုန်မြို့လယ်တွင် ဦးဝီရသူ၏ ဟောပြောချက်များသည် အုပ်ချုပ်ရေး အပါအဝင် မဏ္ဍိုင်ကြီး (၃)ရပ်ကို စော်ကားပြောဆိုပြီး ဆဲဆိုသည့် စကားရပ်များ ပါဝင်သည်ဟုဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် မေလ ၂၈ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ခဲ့သည်။

ယင်းအမှုကို တရားရုံးက လက်ခံကာ ဖမ်းဝရမ်းထုတ်ပေးခဲ့ပြီး ယနေ့ ဇွန်လ ၄ရက်ကို ဖမ်းဝရမ်းနောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသော်လည်း ယခုသတင်းရေးသားချိန် မွန်းလွဲ ၁နာရီအထိ ဦးဝီရသူကို ဖမ်းမမိသေးခြင်း ဖြစ်သည်။

အကယ်၍ ဦးဝီရသူကို သတ်မှတ်အချိန်အတွင်း ဖမ်းမမိခဲ့ပါက ဖမ်းဝရမ်း ရထားသည့် ရဲအရာရှိက တရားရုံးသို့ ဝရမ်းပြန်သွင်းကာ တရားခံပြေးအမှုအဖြစ် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ဖြင့် အမှုတစ်ခု ထပ်ဖွင့်ပြီး တရားရုံးက တရားလိုပြသက်သေများကို ကြားနာ စစ်ဆေးရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မဇ္ဈိမကို ပြောသည်။

“သူ့ကို ဘယ်လိုမှ ရှာမတွေ့ဘူး။ သူဟာ ဒီဝရမ်းကို ရှောင်တိမ်းနေတယ်လို့ ထင်ရှားအောင် သက်သေတွေကို စစ်ရတယ်။ အဲ့ဒါတွေကို မှင်နီသက်သေလို့ ခေါ်တယ်။ မူလအမှုကြီးနဲ့ သီးခြားပေါ့။ အဲ့ဒီ မှင်နီသက်သေတွေ စစ်ပြီးတော့မှ တရားရုံးကနေပြီးတော့ ဦးဝီရသူဟာ ဝရမ်းကို တိမ်းရှောင်နေတဲ့အတွက်ကြောင့် သူ့ရဲ့မျက်ကွယ်မှအမှုကို စစ်ဆေးမယ်ဆိုပြီးတော့ ဒီ ၅၁၂အမှုကို ပိတ်လိုက်ရတယ်” ဟု ဦးခင်မာင်ဇော်က ရှင်းပြသည်။

“အဲ့ဒီအခါကျမှ ၅၁၂အရ ဦးဝီရသူကို ဝရမ်းပြေးအဖြစ် ကြေငြာမယ်။ ကြေငြာတဲ့အခါကျမှ သူ့ကိုစွဲထားတဲ့ တရားရုံးမှာ အသိပေးစာ ကပ်ရမယ်။ နောက်သူနဲ့ဆိုင်တဲ့ ရဲစခန်းမှာ ကပ်မယ်။ နောက်တစ်ခါ တစ်ပြည်လုံးမှာ ရှိတဲ့ ရဲစခန်းတွေမှာ ကပ်ရမယ်။ အဲ့ဒီကျမှ ဦးဝီရသူဟာ တရားဝင် ဝရမ်းပြေးဖြစ်ပြီပေါ့ဗျာ။ တွေ့တဲ့နေရာမှာ ဖမ်းနိုင်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နောက်ထပ် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည့် ဦးသိန်းသန်ဦးကလည်း ဥပဒေတွင် Who Ever(မည်သူမဆို)ဟူ၍ ပြဌာန်းထားသဖြင့် ဝရမ်းထုတ်ခံထားရသူကို သတ်မှတ်ချိန်အတွင်း ဖမ်းမမိခဲ့ပါက သံဃာ ဖြစ်စေကာမူ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း တရားခံပြေးအဖြစ် ကြေညာရမည်ဖြစ်သည်ဟု ဆိုသည်။
 
ဦးဝီရသူသည် လက်ရှိအချိန်ထိ လူမြင်ကွင်းသို့ ထွက်မလာသေးဘဲ ၎င်းအနေဖြင့် သံဃနာယက ဆရာတော်များ၏ ဆုံးမဩဝါဒကို ခံယူပြီးမှ အာဏာစက်ဖြင့် အရေးယူမှု ခံမည်ဟု မေလ ၃၁ရက်က ရုရှားလူမှုကွန်ယက် VK မှတစ်ဆင့် ဖြန့်ဝေသည့် အသံဖိုင်တွင် ပြောကြားထားသည်။

ဦးသိန်းသန်းဦးက “လက်တွေ့တွေ့ရတာ ကိုထင်ကျော်ဆိုလို့ရှိရင် ဟောပြောနေတုန်းမှာ ပြီးတောင် မပြီးဘူး၊ ချက်ချင်းလာဖမ်းသွားတယ်။ ဒေါင်းတို့မျိုးဆက်ဆိုလည်း ချက်ချင်းဖမ်းတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဆိုလည်း ကင်ဆာရောဂါရှိတာတောင်မှ ရအောင် ချက်ချင်းဖမ်းတယ်လေ။ သူတို့ဖမ်းချင်းတဲ့သူကျ ဖမ်းတယ်။ ဝီရသူက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဖမ်းသင့်တယ်။ တိုင်းပြည်ကို တုန်လှုပ်ခြောက်ခြားအောင် အမုန်းတရားတွေပြောနေတာ ကြာလှပြီ။ လက်ပိုက်ကြည့်နေတယ်။ အခု မဖြစ်မနေဖမ်းရမယ်ဆိုပြန်တော့လည်း မမိဘူးဆိုတော့ ကျွန်တော်ထင်တာ နေပြည်တော် ပရဆေးဥယျာဉ်နား ရောက်သွားပြီနဲ့တူတယ်။ အောင်ဝင်းခိုင်နဲ့ သွားတွေ့ပြီနဲ့တူတယ်။ မိုက်ကယ်ကျော်မြင့်လည်း ပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။

ဧပြီလ ၂၉ရက်က တနင်္သာရီတိုင်းမြိတ်မြို့နှင့် မေလ ၅ရက်က ရန်ကုန်မြို့လယ်တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ (၂၆၁) ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဝီရသူ၏ ဟောပြောချက်များသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၄(က) အရ ငြိစွန်းသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မေလ ၃ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ဟောပြောမှုများအတွက် ဦးဝီရသူကို ဆုံးမဩဝါဒပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်ခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့က ဦးဝီရသူကို မေလ ၃ဝရက်တွင် ဆုံးမဩဝါခံယူရန် အကြောင်းကြားခဲ့သည်။

မေလ၂၈ရက်တွင် ဦးဝီရသူကို အုပ်ချုပ်ရေးပိုင်းက တရားစွဲဆိုပြီးနောက် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ကလည်း အခြေအနေအရဟုဆိုကာ ဦဝီရသူကို ဆုံးမဩဝါဒပေးရန် ဆိုင်းငံ့ထားသည်။

ဆုံးမဩဝါဒပေးမည့်ရက်ကို အကြောင်းညီညွတ်သည့်အချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး ဆုံးမဩဝါဒပေးမှုကို လိုက်နာခြင်း မရှိပါက “သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေအမှတ်(၂၀/၉၀)ဖြင့် တရားစွဲဆိုဆောင်ရွက်သွားမည်” ဟု ဇွန်လ ၃ရက်က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဧပြီ ၂၉ရက်က မြိတ်မြို့တွင် ပြုလုပ်သည့် ၅၉(စ)မပြင်ဆင်ရေး ဆန္ဒပြပွဲတွင် ဦးဝီရသူက ‘‘မိတ်ကပ်လေးလိမ်းဖို့ လောက်တတ်၊ ဖက်ရှင်လေးဝတ် ဖို့လောက်တတ်၊ ဒေါက်မြင့်လေး နဲ့ ကော့ကော့လျှောက်သွားဖို့ လောက်တတ်၊ ဒီကြားထဲ နိုင်ငံ ခြားသားတွေ တွေ့ရင်...ကယမ်း ချင်သေးတယ်။ ဒီလောက်သရမ်း နေတဲ့ ဟာကြီးကို သမ္မတတင်ချင် သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ သေချာပေါက်’’ ဟု ဟောပြောခဲ့သည်။
 
မေလ ၅ရက်က ရန်ကုန်မြို့တွင်လည်း ဦးဝီရသူက လွှတ်တော်အတွင်းရှိ တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း ပြောဆိုခဲ့သည်။
 
ဦးဝီရသူသည် အမုန်းတရားများနှင့် ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများကို ဒေသအသီးသီးတွင် ဟောပြောခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်း နိုင်ငံတော်သံဃမဟာနယာကအဖွဲ့က ၎င်းကို တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခဲ့သေးသည်။
 
ထို့ပြင် ဦးဝီရသူကို အမုန်းစကားများ ဖြန့်သည်ဟုဆိုကာ Facebook ကလည်း ၎င်းတို့၏ ဝန်ဆောင်မှုများကို အသုံးပြုခွင့် ပိတ်ပင်ကြောင်း ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလက ကြေငြာခဲ့သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly