မင်းပြားတွင် လက်နက်ကြီးကျည် ကျပြီး လူ ၆ ဦးသေဆုံး၊ တိုက်ပွဲများ ဆက်ဖြစ်နေ

မင်းပြားတွင် လက်နက်ကြီးကျည် ကျပြီး လူ ၆ ဦးသေဆုံး၊ တိုက်ပွဲများ ဆက်ဖြစ်နေ
ဓါတ်ပုံ- ညီညီအောင်

ရန်ကုန် ၊ ဇွန် ၄ ။            ။ တပ်မတော်နှင့် ရက္ခိုင့်တပ်(AA)တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မင်းပြားမြို့နယ် စပါးထား ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ကာ လူ ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

“ ၆ ယောက် သေသွားတယ်၊ ၄ ယောက်က ပွဲချင်းပြီးသေသွားတာပါ။ ၂ ယောက်ကတော့ ဆေးရုံပို့တဲ့လမ်းမှာပဲ သေသွားခဲ့ပါတယ်” ဟု စပါးထားကျေးရွာဒေသခံတစ်ဦးဖြစ်သူ ဦးကျော်စိုးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

ဇွန် ၃ ရက်နေ့ နံနက်ပိုင်းက  စပါးထားရွာအနီး၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံရွာသားများသည် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းအောက်တွင် ခိုလှုံနေစဉ် ကျောင်းပေါ်သို့ လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့ကာ ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ဒဏ်ရာရတဲ့သူတွေကတော့ စစ်တွေဆေးရုံမှာပဲ။ ကျွန်တော်တို့ တစ်ရွာလုံးလည်း အခု မင်းပြားမြို့ပေါ် ပြေးလာနေတယ်။ လူ ၁၀၀ နီးပါးလောက်ရှိတယ်။ အခုမနက်လည်း ရွာနားမှာတိုက်ပွဲတွေ ဖြစ်နေတုန်းပဲ” ဟု ဦးကျော်စိုးက မဇ္စျိမသို့ ဇွန် ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပြောသည်။

မင်းပြားမြို့နယ်အနီး၌ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) ဘက်မှပြောဆိုထားပြီး ရွာအတွင်းသို့ ကျရောက်ခဲ့သည့် လက်နက်ကြီးကျည်ဆန်သည် မည်သည့်ဘက်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ကိုမူ မဇ္စျိမ မှ အတည်မပြုနိုင်သေးပေ။

တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲများအနက် ယခု လူ ၆ ဦး သေဆုံးသည် အထိ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်သည် အရပ်သားသေဆုံးမှု အများဆုံးလည်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်းက  ဘူးသီးတောင်မြို့နယ်၊ စည်တောင်ရွာတွင်လည်း လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားသုံးဦး နှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း အရပ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး လူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly