၂၀၂၇ ခုနှစ် မကျော်လွန်ခင် ရန်ကုန်မှာ မိုးပျံရထား ပြေးဆွဲမည်

၂၀၂၇ ခုနှစ် မကျော်လွန်ခင် ရန်ကုန်မှာ မိုးပျံရထား ပြေးဆွဲမည်
ဘန်ကောက်မြို့ပေါ် ဖြစ်သန်းပြေးဆွဲသွားတဲ့ မိုးပျံရထားတစ်စီးအား တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရဟာ ရန်ကုန်မှာ မိုးပျံရထားလမ်းစီမံကိန်း အကောင်အထည်ပေါ်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ရှင်ဟွာသတင်းက ဖော်ပြပါတယ်။

ရန်ကုန်လူထု မြို့ပြရထားပို့ဆောင်ရေး စီမံကိန်း YUMRT ဆိုတဲ့ အဆိုပါ စီမံကိန်းနဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့နယ်မှာ တနင်္ဂနွေနေ့က ပြည်သူထံ အသိပေးရှင်းလင်းခြင်း လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီ မိုးပျံရထားလမ်းရဲ့ ပထမပိုင်းအဖြစ် ရန်ကုန် အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဆက်သွယ်မှာ ဖြစ်ပါတယ်။ အရှည် ၁၈ ကီလိုမီတာ ရှည်မယ့် ဒီအပိုင်းကို လှိုင်သာယာကနေ စတင်ပြီး ရန်ကုန်-ပုသိမ် ကားလမ်းတစ်လျှောက် လှိုင်မြစ်ကို ဖြတ်သန်းလျက် ဘုရင့်နောင်တံတား မြောက်ဖက်တစ်လျှောက် ဖြတ်သန်းကာ ပါရမီဘူတာမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

ဒီမိုးပျံရထားလမ်းကို ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က မိုးပျံရထားလမ်းပုံစံအပေါ် အခြေပြုပြီး တည်ဆောက်မှာ ဖြစ်ကြောင်း သိရပါတယ်။

မြေတိုင်းတာခြင်းနဲ့ ဒီဇိုင်းဆွဲခြင်းတွေအတွက် ၂၀၂၂ နှစ်ကုန်ကာနီးအထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို မိုးပျံရထားလမ်း တည်ဆောက်ရေးမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝန်းအပေါ် သက်ရောက်ထိခိုက်မှု အနည်းဆုံးဖြစ်အောင်လည်း စီမံဆောင်ရွက်သွားမှာ ဖြစ်ကာ ၂၀၂၇ မကုန်ခင် ပြီးစီးဖို့ ရည်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly