ကလေးအတွက် ဘာရွေးမလဲ....အားဆေးလား...၊ ဖြည့်စွက်စာလား .....

ကလေးအတွက် ဘာရွေးမလဲ....အားဆေးလား...၊ ဖြည့်စွက်စာလား .....

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

ကိုယ့်ကလေးက အိပ်နေတာလေးကိုကြည့်ရင်းတောင် သနားလိုက်တာဆိုပြီးဖြစ်တတ်တာက မေတ္တာတရားကြီးမားတဲ့မေမေတို့မဟုတ်လား။ ကလေးကဆော့ရင်းမောလို့ အိပ်သွားရင်တောင်မှ တော်တေ်ာပင်ပန်းနေလား မသိဘူး။ သနားပါတယ်ဆိုပြီး ဖြစ်တတ်တယ်ဟုတ်။ ဒီခံစားချက်ကို မေမေဖြစ်ဖူးသူတွေပဲနားလည်မှာပါနော်။ ဘယ်သူတွေဘယ်လောက်ချစ်ချစ် ဝမ်းနဲ့လွယ်မွေးထားရတဲ့ သားသမီးတွေကို အချစ်ဆုံးက မိခင်တွေပါပဲ။ မေမေဖြစ်လာရင် ကိုယ့်အတွက်ထက် သားသမီးအတွက် အရင်ဆုံးစဉ်းစားမိတယ်ဟုတ်။ မေမေတို့စဉ်းစားမိတဲ့အချက်တွေထဲကတစ်ခုကို ဒီဆောင်းပါးလေးထဲမှာ တူတူဆွေးနွေးကြည့်ရအောင်နော်။
မေမေတို့စဉ်းစားမိတဲ့အချက်တွေထဲကတစ်ခု

မေမေတွေက ကိုယ့်သားသမီးကို ဘယ်သူနဲ့ယှဉ်ယှဉ် မသာရင်တောင် အောက်မကျစေချင်တဲ့သူတွေပေါ့။ ဒီစိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့လုပ်ပေးတဲ့ မေ့မထားသင့်တဲ့သူတွေကတော့ ဖေဖေတို့ပေါ့။ မေမေဖေဖေတို့က ကိုယ့်သားသမီးကို အမြဲ ကျန်းမာပျော်ရွှင်နေစေချင်သလို ကလေးက အခြားကလေးတွေနဲ့ယှဉ်လိုက်ရင် ညှက်နေမှာကိုလည်း စိုးရိမ်တတ်ကြပါသေးတယ်နော်။ ဒီအချိန်မှာ မေမေတို့ ကလေးညှက်နေတာကို ဖြေရှင်းဖို့ စဉ်းစားမိနိုင်တဲ့ နည်းလမး်တစ်ခုရှိနေတတ်ပါတယ်နော်။ ဒါကတော့ အားဆေးတိုက်ရင်ကောင်းမလားဆိုတာပါ။

ကလေးကို ထွားစေဖို့ဘာရွေးရမလဲ……. ဖြည့်စွက်စာလား……… အားဆေးလား

ကလေးတစ်ယောက်က ပထမ ၆ လမှာ မေမေ့နို့ချိုကနေ လိုအပ်တဲ့အာဟာရတွေကို အပြည့်အဝရရှိပါတယ်။ ၆ လနောက်ပိုင်းရောက်လာတဲ့အခါ လိုအပ်တဲ့ အာဟာရလိုအပ်ချက်ပြည့်မီဖို့ မေမေ့နို့အပြင် ဖြည့်စွက်စာတွေကိုပါမှီခိုလာရပါတယ်။ ဒီအချိန်မှာ ကလေးက မေမေ့နို့ကိုလည်းသောက်မယ်။ ဖြည့်စွက်စာကိုလည်းစားမယ်ဆိုပေမယ့် အပြောင်းအလဲမှာ မှန်းထားသလောက်တက်မလာတာမျိုးဖြစ်နိုင်ပါတယ်။ ဒါက ကလေးကမကျန်းမာလို့ဖြစ်တာမဟုတ်ဘဲ အပြောင်းအလဲကြောင့်ဖြစ်တဲ့ သဘောပါ။ ဒီလိုအချိန်မှာ အားဆေးတိုက်မယ့်အစား အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာလေးကျွေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။

ကလေးက အသက် ၄ လကနေ ၆ လောက်ရောက်လာချိန်မှာ အရည်သောက်နေရာကနေ solid food ကိုစပြောင်းပြီဆိုတော့ အစားအသောက်ပြောင်းလဲမှုကြောင့် ကလေးရဲ့ ခန္ဓာကိုယ်မှာပြောင်းလဲမှုအနည်းငယ်ရှိနိုင်ပါတယ်။ ဒီအချိန်မှာ မေမေတို့အကောင်းဆုုံးလုပ်ပေးသင့်တာက ကလေးကို အာဟာရပြည့်ဝစွာပါဝင်တဲ့ ဖြည့်စွက်စာလေးပြင်ဆင်ပေးဖို့ပါ။  အားဆေးထက် ဖြည့်စွက်စာက အကောင်းဆုံးဖြစ်မှာပါ။
ကလေးအတွက် အသင့်တော်ဆုံးဖြစ်မယ့် ဖြည့်စွက်စာ

ကလေးကိုကျန်းမာပျော်ရွှင်စွာ အရွယ်ရောက်ကြီးပြင်းစေချင်တယ်ဆိုရင်တော့ ကလေးကို ဖြည့်စွက်စာကျွေးချိန်မှာလိုအပ်တဲ့ အာဟာရတွေပြည့်ဝစွာပါဝင်အောင်ကျွေးရပါမယ်။ ဒီတော့မေးစရာရှိလာမှာက ကလေးကိုကျွေးမယ့် ဖြည့်စွက်စာထဲမှာ ဘာတွေပါရမလဲဆိုတာပေါ့။

ကလေးအတွက် အသင့်တော်ဆုံးဖြည့်စွက်စာဖြစ်စေဖို့ ဘာတွေလိုအပ်လဲ

ကလေးတစ်ယောက်ကို အာဟာရပြည့်ဝအောင်ဖြည့်တင်းပေးချင်တယ်ဆိုရင်တော့ ကလေးကို ကျွေးမယ့်အာဟာရထဲမှာ ဒါတွေပါဖို့လိုအပ်ပါမယ်နော်။

lcFos – အစာခြေစနစ်က အကျိုးပြုဘက်တီးရီးယားလေးတွေကို အာဟာရဖြည့်တင်းပေးတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရပါ။ အစာခြေစနစ်ကျန်းမာပြီး ကိုယ်ခံအားကောင်းစေဖို့ အထောက်အပံ့ပေးပါတယ်။

DHA – ကလေးရဲ့ အမြင်အာရုံနဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုအကောင်းဆုံးထောက်ပ့ံပေးတဲ့ Omega 3 fatty acid တစ်မျိုးပေါ့။ ဉာဏ်ကောင်းတဲ့ ကလေးအဖြစ်ကြီးပြင်းလာစေမှာပါ။

ကယ်လ်ဆီယမ် – သွားနဲ့အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။

ဗီတာမင် B12 –  ခန္ဓာကိုယ်မှာ သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်နေရာအနှံ့ကို အောက်ဆီဂျင်တွေပေးပို့ပေးပါတယ်။

သံဓာတ် – သွေးအားနည်းရောဂါကနေကာကွယ်ပေးပြီး ခန္ဓာကိုယ်ကိုအားပြည့်စေပါတယ်။ ခန္ဓာကိုယ်မှာ သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်နေရာအနှံ့ကို အောက်ဆီဂျင်တွေပေးပို့ပေးပါတယ်။

ဒါတွေအပြင်ကို ကလေးကိုပြင်ဆင်ပေးတဲ့ဖြည့်စွက်စာထဲမှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီးတို့လိုမျိုး ကလေးရဲ့ဦးနှောက်နဲ့ အမြင်အာရုံကို ဖွံ့ဖြိုးစေတဲ့ ဗီတာမင်အုပ်စုတွေပါဝင်နေဖို့လိုအပ်ပါသေးတယ်။ အိုင်အိုဒင်းနဲ့ဗီတာမင် အီးတို့ကိုလည်းမေ့မကျန်ခဲ့ပါစေနဲ့နော်။ ဒါလေးတွေပြည့်စုံစွာပါဝင်တဲ့ ဖြည့်စွက်အာဟာရက အားဆေးထက် ကလေးကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါနော်။
ဘယ်လိုအခြေအနေမှာ အားဆေးတိုက်ပေးဖို့လိုမလဲ

ကလေးနေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ လိုအပ်တဲ့အာဟာရတွေပါဝင်ပြီးသားမို့ အားဆေးကို သီးသန့်ကြီးတိုက်ဖို့ မလိုဘူးဆိုပေမယ့် ဒီလိုအခြေအနေမျိုးဆိုရင်တော့ အားဆေးတိုက်တာအဆင်ပြေဆုံးဖြစ်မှာပါ။

  •     တကယ်လို့ ကလေးက ပုံမှန်သောက်ရမယ့် နို့ပမာဏထက်နည်းပြီး သောက်နေမယ်
  •     ကလေးကတစ်နေ့ကို နို့ကို ၃၂ အောင်စထက်နည်းပြီးသောက်နေမယ်
  •     ကလေးက မွေးတုန်းကပေါင်မပြည့်တာမျိုးဖြစ်မယ်
  •     မွေးရာပါရောဂါတစ်ခုခုခံစားနေရမယ်
  •     အခြားကလေးတွေထက် ဖွံ့ဖြိုးမှုနောက်ကျမယ်
  •     အစားစားတာနောက်ကျမယ်
  •     ကလေးက လိုအပ်တဲ့အာဟာရတွေပြည့်ဝအောင်မရရှိဘူးဖြစ်နေမယ်
  •     အစားရွေးလွန်းမယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့ အားဆေးတိုက်သင့်၊ မတိုက်သင့်တိုင်ပင်ကြည့်ပါ။

ကဲ ဘာရွေးမလဲ မေမေတို့ အားဆေးလား……..ဖြည့်စွက်စာလား…….. စိတ်ကြိုက်သာရွေးပေတော့။ မရွေးတတ်လို့ အကြံပြုပါဦးဆိုရင်တော့ လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝနေတဲ့ ဖြည့်စွက်စာပေါ့နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly