ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ကလေးတွေ ငိုတယ်ဆိုတာ မဆန်းပါဘူး။ စကားမပြောတတ်သေးတဲ့သူတို့လေးတွေအတွက် ငိုတယ်ဆိုတာက သူတို့ဆာလောင်နေတယ်ဆိုတာ၊ သူတို့လေးတွေရဲ့အဝတ်တွေစိုနေတယ်ဆိုတာနဲ့ သူတို့မအီမသာဖြစ်နေတယ်ဆိုတာတွေကိုဖော်ပြပေးနေတဲ့အချက်ပြမှုပဲဖြစ်ပါတယ်။ ဒါ့အပြင်ငိုကြွေးခြင်းက သူတို့အနေနဲ့ ဝေဒနာတစ်ခုခုကို ခံစားနေရတယ်ဆိုတာကိုလည်းဖော်ပြခြင်းဖြစ်ပါတယ်။ ဒီထဲမှာ အဖြစ်အများဆုံးကတော့ လေနာဝေဒနာပါ။ အရမ်းကြီးပြင်းထန်ဆိုးရွားတဲ့ရောဂါတစ်မျိုးမဟုတ်ပေမယ့် ညတိုင်းငိုယိုနေတဲ့ ကိုယ့်ရဲ့ ကလေးကို ကြည့်ရတာ ဘယ်မိဘအတွက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။ ဒီဆောင်းပါးမှာတော့ လေနာဝေဒနာအကြောင်းနဲ့ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်လို့မရလဲဆိုတာတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
လေနာဖြစ်နေတယ်ဆိုတဲ့ လက္ခဏာများ
ကလေးဆိုတာကတော့ ငိုမှာပါပဲ။ မွေးကင်းစကလေးငိုတာက ရောဂါကြောင့်မဟုတ်ပါဘူး။ ကလေးသဘာဝအတိုင်း ငိုတာပါ။ မွေးကင်းစကလေးတွေဟာ တစ်နေ့ကို ၂ နာရီလောက်ကို ငိုတတ်ကြပါတယ်။
ဒီအချက်လေးတွေရှိနေရင် ကလေးမှာလေနာဖြစ်နေတာဖြစ်နိုင်ပါတယ်။
- အကြောင်းအရင်းမရှိဘဲ ငိုနေတာ။ ဆာတာလည်းမဟုတ်၊ သေးခံညစ်ပေနေတာမျိုးလည်းမဟုတ်ဘဲ ငိုနေရင်
- ညနေတိုင်းအချိန်မှန်ငိုနေတာက နေ့တိုင်းဖြစ်နေခဲ့ရင်
- တစ်နေ့ကို ၃နာရီလောက်ငိုတာက တစ်ပတ်ကို ၃ ရက် ဒါမှမဟုတ် ၃ ရက်ကျေ်ာလောက်အထိငိုနေမယ်ဆိုရင်
- အသံက ပုံမှန်မဟုတ်ဘဲ အာခေါင်ခြစ်ပြီးအော်ငိုနေရင်
- ဘယ်လိုမှချော့လို့မရဘဲဖြစ်နေရင်
အခြားလက္ခဏာများ
- လက်သီးကို ဆုပ်ရင်းငိုနေရင်
- သူရဲ့လက်ရောခြေထောက်ရောကို ဗိုက်ဆီကိုကွေးညွတ်ထားရင် ခပ်ကွေးကွေးပုံသဏ္ဍာန်နဲ့ ငိုနေရင်
- ဗိုက်ထဲက လေပွနေတာမျိုးဖြစ်နေရင်
- မျက်နှာနီရဲပြီးငိုနေရင်
- ဗိုက်ကြွက်သားလေးတွေတင်းနေရင်
ဘာကြောင့် လေနာဖြစ်ရတာလဲ
ကလေးတွေမှာ လေနာဖြစ်ရတဲ့အကြောင်းအရင်းကိုဘယ်သူမှတိတိကျကမသိသေးပါဘူး။ ကလေးတွေရဲ့ အူတွေက သေသေချာချာမဖွံ့ဖြိုးသေးတာကြောင့်ဖြစ်နိုင်သလို မိခင်နို့အပြင် ကလေးတွေကို တိုက်ကျွေးတဲ့ အာဟာရမှုန့်တွေထဲမှာ ကလေးနဲ့ ဓာတ်မတည့်တဲ့အရာတွေပါဝင်နေတာကြောင့်ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ နို့နဲ့ဓာတ်မတည့်တဲ့အခါမျိုးမှာလည်း ကလေးတွေမှာ လေနာဖြစ်သလို လက္ခဏာတွေပြတတ်ပါသေးတယ်။
ကိုယ်ဝန်ဆောင်ကာလအတွင်း ဆေးလိပ်သောက်သုံးတဲ့မိခင်တွေရဲ့ ကလေးတွေမှာ လေနာဖြစ်နိုင်ခြေက ပုံမှန်ထက် နှစ်ဆလောက်ပိုနေတတ်ပါတယ်။ မိခင်နို့ပဲတိုက်တိုက် နို့မှုန့်ပဲတိုက်တိုက် လေနာဖြစ်နိုင်ခြေက အတူတူပါပဲ။
ဘယ်လိုစောင့်ရှောက်မှုပေးမလဲ
လေနာဝေဒနာက ကလေး ၃ လအရွယ်လောက်မှာ သူ့ဘာသာအလိုလိုဖြစ်လာတတ်တဲ့ ဝေဒနာပါ။ ကလေးလေနာကို စောင့်ရှောက်ပေးနိုင်မယ့် နည်းလမ်းအချို့တော့ရှိပါတယ်။ ဒါတွေကတော့ –
လေထိုးလေအောင့်သက်သာစေမယ့်ဆေးတစ်မျိုးမျိုးတိုက်ရပါမယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး လေအောင့်ပျောက်စေနိုင်တဲ့ဆေးတိုက်ကျွေးပေးလို့ရပါတယ်။
Probiotics- Probiotics ဆိုတာက အစာခြေလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းညှိရာမှာကူညီပေးတဲ့ အရာတစ်ခုပါ။ ကလေးတွေမှာလေနာ ဖြစ်ရတဲ့အကြောင်းအရင်းက သူတို့ရဲ့အစာခြေလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ မျှမျှတတ မရှိတာကြောင့်ဖြစ်ပါတယ်။
ကလေးကို သက်သာစေအောင်ဆေးတစ်ခုခုတိုက်မယ်ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်တာအကောင်းဆုံးဖြစ်ပါမယ်။
ကလေးကို လေနာသက်သာစေနိုင်မယ့် အခြားနည်းလမ်းများ
ကလေးငိုနေတာကိုထိုင်ကြည့်နေဖို့ဆိုတာက မိဘတွေအတွက်တော့ တော်တော်လေးမလွယ်တာပါ။ တချို့မိဘတွေကျတော့လည်း ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ အခုပြောပြမယ့်နည်းလမ်းတွေက ကလေးကိုလေနာမဖြစ်အောင် အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်ပါလိမ့်မယ်။
- ကလေးကို အစားအစာတွေကျွေးတဲ့အချိန်မှာ မတ်မတ်လေးထားပေးပါ။
- ကလေးကို တစ်ခါကျွေးရင်နည်းနည်းနဲ့ အကြိမ်ရေများများကျွေးပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးမှာလေနာဝေဒနာဖြစ်ပေါ်နိုင်ခြေကို လျော့ပါးစေနိုင်ပါတယ်။
- ကလေးကိုကျွေးမွေးနေတဲ့ အာဟာရမှုန့်တွေနဲ့နို့မှုန့်တွေကို စမ်းပြီးပြောင်းကျွေးကြည့်ပါ။
- ကလေးကိုနို့တိုက်ရာမှာ အသုံးပြုနေတဲ့ နို့ဗူးတွေ၊နို့သီးခေါင်းတွေကို ပြောင်းသုံးကြည့်ပေးပါ။ ဒီနည်းလမ်းလေးတွေကလည်းကလေးကိုလေနာသက်သာအောင်လုပ်ဆောင်ပေးပါလိမ့်မယ်။
- ကလးကို လေနာသက်သာစေဖို့က စိတ်အေးလက်အေးဖြစ်အောင်လုပ်ပေးဖို့လည်းလိုအပ်ပါလိမ့်မယ်။
- ကလေးကို တိတ်ဆိတ်ငြိမ်သက်တဲ့အခန်းထဲမှာ လှဲလျောင်းစေတာမျိုး
- စောင်လေးနဲ့ထွေးပေးထားတာမျိုး
- ပေါင်ပေါ်မှာမှောက်လျက်သားလေးထားပြီး လေထုတ်ပေးတာမျိုး
- ကလေးကို နှိပ်နယ်ပေးတာမျိုး ဗိုက်ကိုရေနွေးပုလင်းခပ်နွေးနွေးလေးနဲ့ကပ်ပေးတာမျိုး
- ရေနွေးနဲ့ရေချိုးပေးတာမျိုးတွေလုပ်ပေးလို့လည်းရပါသေးတယ်။
ဒီလိုအခြေအနေမျိုးတွေဖြစ်ရင် ဆရာဝန်နဲ့ပြသပေးဖို့လိုပါမယ်
- ကလေးကဝမ်းပျက်နေပြီး ဝမ်းထဲမှာသွေးပါလာရင်
- အစားမှန်မှန်စားနေပေမယ့် ကိုယ်အလေးချိန်တိုးမလာရင်
- အဖျားက ၁၀၀.၄ ထက်ကျော်နေရင်
- အန်နေရင်
- ဖျားပြီးအီနေရင်
- တက်တက်ကြွကြွမရှိဘဲ ကလေးကပုံမှန်ထက်ငြိမ်နေရင် ဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုပါလိမ့်မယ်။