သြစတြီးယားရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ကျမ်းသစ္စာဆို

သြစတြီးယားရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ကျမ်းသစ္စာဆို

ဗီယင်နာ၊ ဇွန် ၄ ။                 ။ သြစတြီးယားနိုင်ငံမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် ဘရစ်ဂစ်ဘီးယားလိုင်းက ဗီယင်နာမြို့တော်က သမ္မတအိမ်တော်ရာမှာ ဇွန် ၃ ရက်က ကျမ်းသစ္စာဆိုပြီး အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်လာပါတယ်။

အာဏာရ အမျိုးသားရေးဝါဒီ Freedom Party of Austria FPO ပါတီအတွင်း အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ပေါ်ပေါက်ပြီးနောက် နိုင်ငံရေးဝရုန်းသုန်းကား အခြေအနေ ဖြစ်ပေါ်နေခဲ့တာပါ။

ဒီလို ဝရုန်းသုန်းကားအခြေအနေ သီတင်းပတ်အတန်ကြာ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ ဘီးယားလိုင်းက နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် သမ္မတ အလက်ဇန္ဒြားဗန်ဒါဘယ်လန် ကျမ်းသစ္စာတိုင်ပေးတဲ့အတိုင်း ကျမ်းဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၆၉ နှစ်ရှိပြီး တရားသူကြီးတစ်ဦးလည်း ဖြစ်တဲ့ ဘီးယားလိုင်းဟာ လက်ရှိအချိန်ထိ ဖွဲ့စည်းပုံခုံရုံးရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ရုံးအဖွဲ့ကို အမျိုးသား၊ အမျိုးသမီး တူညီတဲ့ ကိုယ်စားလှယ်ဦးရေနဲ့ ကက်ဘိနက်အဖွဲ့ဝင် ၁၂ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

သြစတြီးယားပြည်သူ့ပါတီ OVP ရဲ့ အကြီးအကဲ ယခင် ဝန်ကြီးချုပ် ဆီဘတ်စတင်းကက်ဇ်ဟာ FPO ပါတီနဲ့ ညွန့်ပေါင်းဖွဲ့ထားတဲ့ အစိုးရကို ဦးစီးဦးဆောင်ပြုခဲ့တာပါ။

ဒါပေမယ့် အီဘီဇာအရှုပ်တော်ပုံလို့ ခေါ်ကြတဲ့ လျှို့ဝှက်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် ပေါက်ကြားပြီးနောက်မှာ လွှတ်တော်မှာ အယုံအကြည်မရှိအဆိုနဲ့ ရာထူးက ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၇ ရွေးကောက်ပွဲမတိုင်မီ သီတင််းပတ်အနည်းငယ်အလိုမှှာ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ FPO ပါတီအကြီးအကဲနဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဟိန်းဇ်ခရစ္စတင်းစထရာချီနဲ့ FPO လွှတ်တော်ရေးရာအုပ်စုခေါင်းဆောင် ဂျိုဟန်ဂူဒန်နက်စ်တို့ နာရီအတန်ကြာ စားရင်းသောက်ရင်း ဆွွေးနွေးပြောဆိုကြတာတွေကို လျှို့ဝှက်ရိုက်ကူးထားတာပါ။

သူတို့နဲ့ အတူ အမည်မသိ အမျိုးသမီး တစ်ဦးပါရှိနေပြီး ဒီအမျိုးသမီးကို ဒုတိယဝန်ကြီးချုပ် စထရာချီက သြစတြီးယား Kronen Zeitung သတင်းစာရဲ့ အစုရှယ်ယာတွေကို ဝယ်ယူပြီး FPO ပါတီကို ထောက်ခံရေးသား ပေးရင် အစိုးရကန်ထရိုက်တွေ ချပေးမယ်လို့ ကမ်းလှမ်းတာကို ကြားသိရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly