သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်လူတိုင်းမှာ တာဝန်ရှိဟုဆို

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်လူတိုင်းမှာ တာဝန်ရှိဟုဆို
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၃ ။           ။ သဘာဝပတ်ဝန်းကျင်ကို မပျက်စီး မယိုယွင်းဘဲ မူလရရှိထားသည့်အခြေအနေအတိုင်း ထိန်းသိမ်းထားရန်မှာ လူတိုင်းတွင် တာဝန်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းကပြောဆိုလိုက်သည်။

ဇွန်လ ၃ ရက်နေ့ ရန်ကုန်မြို့ ဂျန်းရှင်းစီးတီးမောတွင် ဥရောပသမဂ္ဂ (EU) မှဦးဆောင် ပြုလုပ်ခဲ့သည့် “ ၂၀၁၉ ခုနှစ်အတွက် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ဓာတ်ပုံပြပွဲ ” တွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ရရှိထားတဲ့မူလအနေအထားပျက်စီးမသွားအောင် ကျွန်တော်တို့မှာထိန်းသိမ်းဖို့တာဝန်ရှိပါတယ်။ ကျွန်တော် တို့ကိုပေးထားတာမဟုတ်ပါဘူး။ နောင်လာ နောင်သားတွေကို မူလကရရှိထားတဲ့အခြေအနေအတိုင်း မပျက်စီး မယိုယွင်းအောင် လက်ဆင့်ကမ်းပေးနိုင်ဖို့ ကျွန်တော်တို့မှာတာဝန်ရှိတယ်” ဟု ဦးဟန်ထွန်းကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ လေထုညစ်ညမ်းမှုအများဆုံးသော နိုင်ငံ ၁၅ နိုင်ငံတွင် ပါဝင်နေပြီး အဆိုပါ ပြဿနာသည် ပိုပို၍ ဆိုးရွား လာကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် တိုင်းအစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေပြီး စည်းကမ်းနှင့်မကိုက်ညီသည့် စက်ရုံ အလုပ်ရုံများကို ထိန်းချုပ်ယုံမက မော်တော်ယာဉ်များမှထွက်သည့် ဓာတ်ငွေ့များကိုလည်း ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း ဦးဟန်ထွန်းကဆိုသည်။

“ သယ်ယူပို့ဆောင်ရေးဆိုရင် ကျွန်တော်တို့ အဆင့်မြင့်တဲ့ ဘတ်စ်ကားတွေကို စတင်ဆောင်ရွက်နေပါပြီ။ အခုဆိုရင် ၂ နှစ်ထဲဝင်လာပြီ။ ဒီကားကြီးတွေက ကောင်းမွန်တဲ့ကားတွေဖြစ်တဲ့အတွက် စီးနင်းတဲ့သူတွေလည်း များလာတယ်။ အဲ့ခါကျရင် တစ်ဦးချင်းသုံးတဲ့ကားတွေပါလျော့နည်းလာမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းကပြောသည်။

EU မှထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ကလေးသေဆုံးမှုများ၏ ၆၂% သည် အိမ်တွင်းလေထုညစ်ညမ်းမှုများမှ တစ်ဆင့် အသက်ရှုလမ်းကြောင်းပိုးဝင်ကာ သေဆုံးခြင်းဖြစ်ကြောင်းလည်းသိရသည်။ ထို့အပြင် ရန်ကုန်အနီး လေထုညစ်ညမ်းမှုများဖြစ်လာရခြင်းမှာ ယာဉ်များ၊ ဒီဇယ်မီးစက်များ၊ ဆောက်လုပ်ရေးလုပ်ငန်းမှဖုန်မှုန့်များ၊ စက်ရုံများ၊ အမှိုက်သရိုက်များ မီးရှို့ခြင်းနှင့် အကြီးစားတောင်ယာ မီးရှို့စိုက်ပျိုးမှုအလေ့အထများကြောင့် ဟုလည်း EU ၏တွေ့ရှိချက်တွင်ဖော်ပြထားသည်။

ကမ္ဘာ့လူဦးရေ၏ ၉၂% သည် သန့်ရှင်းသောလေများကို ရှုရှိုက်ခွင့်မရဖြစ်နေပြီး လေထုညစ်ညမ်းမှုကြောင့် တစ်မိနစ်တိုင်းမှာ လူ ၁၃ ဦးသေဆုံးနေ ရကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly