ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ လေးသောင်းကျော်အထိ ရှိလာ

ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ လေးသောင်းကျော်အထိ ရှိလာ
ဓာတ်ပုံ - EPA

ရန်ကုန်၊ ဇွန် ၃ ။          ။ တပ်မတော်နှင့်  ရက္ခိုင်တပ်(AA) တို့၏တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင်ဦးရေ လေးသောင်းကျော်အထိ ရှိလာပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှသိရသည်။

စစ်ဘေးရှောင်အရေအတွက်သည် တပြည်နယ်လုံးအနေဖြင့် ဇွန်လ ၁ ရက်နေ့အထိ ၄၁၆၅၃ ဦးထိရှိနေပြီး ဇွန်လ ၂ ရက်နေ့တွင်လည်း တိုက်ပွဲများဆက်လက် ဖြစ်ပွားခဲ့သောကြောင့် ထွက်ပြေးလာရသူအချို့လည်း ရှိနေသည်။

“ နောက်ဆုံးဒေတာက တစ်ခါထုတ်ပြီးပြီဆိုတော့ ဇွန်လပထမပတ်လောက်မှထပ်ထုတ်ဖို့တော့ ဒေတာတွေတော့စုထားပါတယ်”  ဟု REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်ကပြောသည်။

စစ်ရှောင်များမှာ ရသေ့တောင်မြို့နယ်တွင်  ၇ ထောင် နီးပါးရှိနေပြီး မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဍားကျွန်း၊ မင်းပြားနှင့် မောင်တောမြို့တို့တွင် ခိုလှုံနေကြခြင်းဖြစ်သည်။

စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ သုံးသောင်းခန့်နေထိုင်နေကြပြီး ကျန်တစ်သောင်းကျော်မှာ တိုက်ပွဲများ ကြောင့် ကျေးရွာများတွင် ပိတ်မိကာ အကူအညီများ မရရှိကြဘဲ နေထိုင်ကြရကြောင်း ဦးရွှေဘော်စိန် ကဆိုသည်။

ဇွန်လ ၂ ရက်နေ့ကလည်း မင်းပြားမြို့နယ်တွင် တပ်မတော်နှင့်  ရက္ခိုင်တပ်(AA) တို့ ၅ နာရီခန့် တိုက်ပွဲဖြစ်ပွား ခဲ့သောကြောင့် စစ်ရှောင်များ ထပ်တိုးဖွယ်ရှိနေကြောင်း သိရသည်။

တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ယခု ဇွန်လဆန်းပိုင်းအထိ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရှောင်များတိုးလာသည့်အပြင် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly