၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံးမှု ရေနံချောင်းတွင် ဖြစ်ပွား

၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံးမှု ရေနံချောင်းတွင် ဖြစ်ပွား

ရေနံချောင်း၊ ဇွန် ၂ ။                     ။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့မှုတစ်ခု ဇွန် ၂ ရက်နေ့က ဖြစ်ပွားခဲ့ပြီး နေအိမ်စီးပွားရေးမပြေလည်မှုကြောင့် ဖြစ်ကြောင်းရဲဘက်မှ ကောက်ချက်ချထားသည်။

ဖြစ်စဉ်မှာ ရေနံချောင်းမြို့ မြေနီခင်တောင်ရပ်ကွက် ပတ္တမြားရပ်နေသူ ဒေါ်ခင်စန်းက မြေးဖြစ်သူမပိုးပိုး(ခ)အေးမွန်ခိုင်(၁၃)နှစ်အား နေအိမ်တွင် မတွေ့ရှိရသောကြောင့် ၎င်း၏အစ်ကိုဖြစ်သူ စိုးထက်ဦးအား သွားရောက်ရှာဖွေခိုင်းခဲ့သည်။ ရှာဖွေရာတွင် မပိုးပိုး(ခ)အေးမွန်ခိုင်(၁၃)နှစ်မှာ ယင်းနေအိမ်အနောက်ဘက်ထောင့် ခြံစည်းရိုးတွင် ပေါက်နေသည့် အမြင့်(၁၀)ပေ၊လုံးပတ်(၃)ပေရှိသော ခရေပင်သစ်သားကိုင်းတွင် ကြိုးတစ်စ ချည်၍ လည်ပင်းတွင် ကျန်သည့်ကြိုးစအား နှစ်ထပ်ချည်၍မြေကြီးတွင် ခြေထောက်ဒူးကွေးလျှက် အနေအထားဖြင့် ကြိုးဆွဲချနေသည်ကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ကြိုးဖြည်ပြီး ရေနံချောင်းမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ရေနံချောင်းမြို့ပြည်သူ့ဆေးရုံမှ တာဝန်ကျဆရာဝန်တစ်ဦး၏ သတင်းပေးချက်အရ လက်မှတ်ကုန်းနယ်မြေစခန်း မှူး ရဲအုပ်မိုးညိုနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာတွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ခဲ့ရကြောင်း သိရသည်။

သွားရောက်စစ်ဆေးခဲ့သူ ရဲအုပ်မိုးညိုက နေအိမ် စီးပွားရေးအဆင်မပြေသောကြောင့် ကြိုးဆွဲချသေဆုံးမှု ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသည်။

“ ကလေးရဲ့အမေက ဆုံးသွားတာကြာပြီတဲ့၊ အဖေက မင်းလှဘက်မှာ အလုပ်သွားလုပ်နေတယ်လို့ သိရတယ်၊ အဘွားဖြစ်သူနဲ့အတူနေကြရတာ၊ ကလေးမလေးက ၄ တန်းအောင်လို့ ၅ တန်း တက်ရမှာ၊ အဘွားကလည်း အသက် ၈၅ လောက်ရှိပြီ၊ ယောကျ်ား ဆုံးတာကလည်း ကြာပြီဆိုတော့ ရတဲ့ပင်စင်လေးကို မြေးတွေနဲ့အတူ ချို့တဲ့ပြီး စားနေရတာ၊ ကလေးက မနက်ဖြန်ခါဆိုရင်ပဲ ကျောင်းတက်ရတော့မှာလို့ ပြောကြတာတွေလည်း ရှိတယ်။ အဓိကအကြောင်းအရာကတော့ စီးပွားရေး အဆင်မပြေတော့ လိုရာအတွက် မပြည့်စုံနိုင်ဘူး၊ ဒါကြောင့် ဒီလိုလုပ်သွားတယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်ထားပါတယ်” ဟု လက်မှတ်ကုန်းနယ်မြေရဲစခန်းမှူး ရဲအုပ်မိုးညိုက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေနံချောင်းမြို့၊ လက်မှတ်ကုန်းနယ် မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၉) ဖြင့် အမှုရေးဖွင့်ပြီး အမှုအား စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly