ဗြိတိန်ဝန်ကြီးချုပ်ရာထူးအတွက် ဘောရစ် ဂျွန်ဆင်ဟာ အသင့်တော်ဆုံးပုဂ္ဂိုလ်ဖြစ်ဟု ဒေါ်နယ်ထရမ့် ထောက်ခံ

ဗြိတိန်ဝန်ကြီးချုပ်ရာထူးအတွက် ဘောရစ် ဂျွန်ဆင်ဟာ အသင့်တော်ဆုံးပုဂ္ဂိုလ်ဖြစ်ဟု ဒေါ်နယ်ထရမ့် ထောက်ခံ

ဇွန် ၂ ။            ။ ဗြိတိန် ဝန်ကြီးချုပ်သစ် နေရာအတွက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘော်ရစ် ဂျွန်ဆင်က သင့်တော်သူဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  ထောက်ခံပြောကြားသွားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ် ဂျွန်ဆင်ဟာ ဝန်ကြီးချုပ် ထရီဇာမေရဲ့ နေရာမှာ အစားဝင်မယ့် ထူးချွန်ပြောင်မြောက်အောင်စွမ်းဆောင်နိုင်တဲ့ ဝန်ကြီးချုပ်တစ်ဦး ဖြစ်လာနိုင်ကြောင်း အမေရိကန်သမ္မတက မေလ ၃၁ ရက်မှာ ထောက်ခံစကား ပြောဆိုလိုက်တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ထရမ့်ကတော့ ဇွန်လ ၃ ရက်မှာ ဗြိတိန် ခရီးစဉ် ထွက်ခွာဖို့ ရှိနေပြီး ယင်းမတိုင်ခင် အထက်ပါအတိုင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

ထရီဇာမေ ကတော့ အီးယူကနေ ဗြိတိန် နုတ်ထွက်မှုနဲ့ပတ်သက်လို့ သဘောတူညီချက် ရယူနိုင်ခြင်း မရှိလို့ လာမယ့် ဇွန်လ ၇ ရက်မှာ ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် မေ ရဲ့ နေရာမှာ အစားဝင်နိုင်မယ့် ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း ၁၂ ဦးအနက် မည်သူ့ကို သဘောကျနှစ်သက်သလဲ ဆိုပြီး The Sun သတင်းစာက ထရမ့်ရဲ့ သဘောထားအမြင်ကို မေးမြန်းခဲ့ပါတယ်။

ယင်းမေးမြန်းမှုနဲ့ပတ်သက်လို့ ထရမ့်က “ ကျွန်တော် ထင်ပါတယ်၊ ဘောရစ် ဟာ သိပ်ကောင်းတဲ့အလုပ်ကို လုပ်ပြနိုင်မယ့် သူပါ၊ သူက တကယ့်ကို ထူးချွန်ပြောင်မြောက်အောင် လုပ်ပြနိုင်ပါလိမ့်မယ်” ဆိုပြီး ပြောသွားတာဖြစ်ပါတယ်။

“ ကျွန်တော်ကတော့ သူ့ကို အမြဲ နှစ်သက်ခဲ့သူပါ၊ သူ ခု အရွေးချယ်ရမှာလား ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူက သိပ်တော်တဲ့ လူတစ်ယောက်၊ အရည်အချင်းရှိတဲ့ သူတစ်ယောက်လို့ ထင်ပါတယ်” လို့ ထရမ့်က ပြောသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly