တိုယိုတာ Hilux ယာဉ်များကို ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သွားမည်

တိုယိုတာ Hilux ယာဉ်များကို ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သွားမည်
ဓာတ်ပုံ - LYNN BO BO/ EPA

ဇွန် ၂ ။             ။ တိုယိုတာ Hilux ယာဉ်များကို ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ပြီး တစ်နှစ်လျှင် အစီးရေ ၂၅၀၀ ခန့် ထုတ်လုပ်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း တိုယိုတာမြန်မာကုမ္ပဏီလီမိတက်( TMY) မှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ဆောက်သွားမည်ဖြစ်ပြီး ဂျပန်ကားကုမ္ပဏီအနေဖြင့် အမေရိကန် ဒေါ်လာ ၅၂ ဒဿမ ၆ သန်းရင်းနှီးမြှုပ်နှံကာ လာမည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုတွင် တိုယိုတာမော်တာကော်ပိုရေးရှင်းမှ ၈၅ ရာခိုင်နှုန်း၊ တိုယိုတာ Tsusho ကော်ပိုရေးရှင်းမှ ၁၅ ရာခိုင်နှုန်း ပါဝင်ပြီး ဂျပန်အခြေစိုက် တိုယိုတာကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး လာရောက်ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။

မြန်မာစက်ရုံအနေဖြင့် လုပ်သားဦးရေ ၁၃၀ ခန့်ဖြင့် တစ်နှစ်လျှင် Toyota Hilux စီးရေ ၂၅၀၀ ကို SKD (Semi Knock Down) စနစ်ဖြင့် ထုတ်လုပ်သွားရန် ရည်ရွယ်ထားသည်ဟု သိရသည်။  လက်ရှိတွင် တိုယိုတာ အနေဖြင့် မြန်မာနိုင်ငံတွင်းသို့ Toyota Hilux၊ Vios၊ Rush နှင့် အခြားအမျိုးအစားကားများကို တင်သွင်းရောင်းချနေသည်။

မြန်မာနိုင်ငံအနေဖြင့် Ford၊ Chevrolet ကဲ့သို့ အမေရိကန်ထုတ်ကားများရှိသော်လည်း ဂျပန်ကားများ ဝယ်ယူမှု ပိုမိုများပြားပြီး ၂၀၁၈ ခုနှစ်အချက်အလက်များအရ မြန်မာနိုင်ငံတွင် ကားစီးရေ ၁၈၀၀၀ ခန့်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags