ဖိလစ်ပိုင်မှာ စစ်တပ်နဲ့ အိုင်အက်စ်အနွယ် သူပုန်တွေရဲ့ တိုက်ပွဲအတွင်း ထွက်ပြေးတဲ့ ဖမ်းဆီးခံ နယ်သာလန်နိုင်ငံသား ပစ်သတ်ခံရ

ဖိလစ်ပိုင်မှာ စစ်တပ်နဲ့ အိုင်အက်စ်အနွယ် သူပုန်တွေရဲ့ တိုက်ပွဲအတွင်း ထွက်ပြေးတဲ့ ဖမ်းဆီးခံ နယ်သာလန်နိုင်ငံသား ပစ်သတ်ခံရ

မနီလာ၊ ဇွန် ၁ ။         ။ ဖိလစ်ပိုင်နိုင်ငံမှာ စစ်တပ်နဲ့ အိုင်အက်စ်အနွယ် သူပုန်အဖွဲ့တို့ မေ ၃၁ ရက်က ရင်ဆိုင်တိုက်ပွဲဖြစ်ရာမှာ သူပုန်အုပ်စုက ဖမ်းဆီးထားတဲ့ နယ်သာလန်နိုင်ငံသားတစ်ဦး အလွတ်ရုန်း ထွက်ပြေးချိန်မှာ သူပုန်တွေရဲ့ ပစ်သတ်တာကို ခံလိုက်ရကြောင်း စစ်တပ်က ပြောပါတယ်။

ငှက်တွေအကြောင်း ကြည့်ရှုလေ့လာသူတစ်ဦးဖြစ်တဲ့ အီဝုဒ်ဟွမ်းဆိုသူ နယ်သာလန်နိုင်ငံသားကို အိုင်အက်စ်အနွယ် အဘူဆေယက်ဖ် သူပုန်အုပ်စုက ပြန်ပေးဆွဲ ငွေတောင်းခံဖို့ ၂၀၁၂ ခုနှစ်ကတည်းက ဖမ်းဆီးထးတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂျီဟတ်ဝါဒီ အဲဒီ သူပုန်အုပ်စုရဲ့ အမာခံနယ်မြေ ဂျိုလိုကျွန်းမှာ ဖိလစ်ပိုင်စစ်တပ်နဲ့ အဘူဆေယက်ဖ်တွေ မိနစ် ၉၀ ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ချိန်မှာ အီဝုဒ်က လွတ်မြောက်အောင် ထွက်ပြေးရာက ပစ်သတ်ခံရတာ ဖြစ်ပါတယ်။

အပြန်အလှန် ရင်ဆိုင်တိုက်ပွဲအတွင်း အီဝုဒ် သေဆုံးကြောင်းကို နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုပြီး သူ သေဆုံးရတဲ့ အကြောင်းရင်း အတိအကျကို စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင်စစ်တပ်က ဗိုလ်မှူးချုပ် ရိုင်ပါဘာယိုက “အဲဒီနေ့ နံနက်ပိုင်းက ရင်ဆိုင်တိုက်ပွဲအတွင်းမှာ အီဝုဒ်က အဘူဆေယက်ဖ်တွေရဲ့ လက်က လွတ်အောင် ထွက်ပြေးချိန်မှာ အစောင့်တစ်ဦးက ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။”လို့ ပြောပါတယ်။

စစ်တပ်ရဲ့ ခု ထုတ်ပြန်ချက်အပေါ် လွတ်လပ်တဲ့ အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

ဖိလစ်ပိုင်နိုင်ငံရဲ့ တောင်ပိုင်းနယ်မြေမှာ လက်နက်ကိုင်အုပ်စု တော်တော်များများ ခြေကုပ်ယူထားတာ ဖြစ်ပြီး တစ်ချို့အုပ်စုတွေက ခရစ်ယာန်အများစု နိုင်ငံမှာ တောင်ပိုင်းနယ်မြေကို မွတ်စလင်သီးသန့်နယ်မြေအဖြစ် ထူထောင်ဖို့ ချိတ်ဆက်လှုပ်ရှားပြီး ဆယ်စုနှစ်တစ်ခုကြာ ပုန်ကန်သောင်းကျန်းနေတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly