စပိန်လာလီဂါမှာ ရော်နယ်လ်ဒိုကို သတိရနေတဲ့ မက်ဆီ

စပိန်လာလီဂါမှာ ရော်နယ်လ်ဒိုကို သတိရနေတဲ့ မက်ဆီ
Photos: EPA

လီယွန်နယ်မက်ဆီက ပြီးခဲ့နှစ်က အီတလီချန်ပီယံ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ရင်ဆိုင်ကစားရနေတာကို သူအနေနဲ့ သတိရလွမ်းမိတယ်လို့ သောကြောနေ့က Fox Sports Radio နဲ့ အင်တာဗျူးမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။

စပိန်လာလီဂါဟာ ရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း ဆိုးရွားခဲ့တယ်လို့ မက်ဆီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

နောက်ပြီး သူဟာ ပုဂ္ဂိုရေးအရ မသိပေမယ့်လည်း ပွဲကစားချိန်အတွင်း ဒါမှမဟုတ် ဆုပေးပွဲအခမ်းအနားလိုမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် "ကောင်းမွန်တဲ့ စိတ်ခံစားမှုအခြေအနေမျိုး"ကို အမြဲ ဝေမျှခဲ့တယ်လို့ ပြောပါတယ်။

သူနဲ့ ရော်နယ်လ်ဒိုကြား ဆက်ဆံရေးအကြောင်း၊ ပေါ်တူဂီတိုက်စစ်မှူး အသင်းပြောင်းပြီးနောက် သူမရှိတဲ့ လာလီဂါမှာ ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်းတွေကို အာဂျင်တီးနားရှိ Fox Sports Radio နဲ့ အင်တာဗျူးစဉ်အတွင်း ဘာစီလိုနာကြယ်ပွင့်ဟာ မေးမြန်းခံခဲ့ရပါတယ်။

"ဟုတ်ပါတယ်။ ဒါက (သူရှိစဉ်အခါက) ကောင်းမွန်ခဲ့ပါတယ်။ သူက မက်ဒရစ်ကို ပိုပြီး အရေးပါစေပြီး ပိုပြီးလည်း အင်အားကြီးမားစေပါတယ်။ ခရစ္စတီယာနိုမရှိတော့တဲ့ မက်ဒရစ်ဟာ ခံစားသွားရမယ်ဆိုတာကို ရာသီအစတုန်းက ကျနော်ပြောဖူးပါတယ်။"လို့ မက်ဆီက ပြောပါတယ်။

"ခင်ဗျားအတွက် တစ်ရာသီမှာ ဂိုး (၅၀)လောက် သွင်းပေးတဲ့ ၊ ခရစ္စတီယာနိုလို ကစားသမားတစ်ယောက်ကို ဘယ်အသင်းမဆို သတိရလွမ်းမိမှာပါ။"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပြီး ရော်နယ်လ်ဒိုဟာ ပြိုင်ပွဲကို ပိုပြီးအရေးပါအသက်ဝင်စေခဲ့တာကြောင့် "လိဂ်တစ်ခုလုံး"ကို သတိရစေတယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး မက်ဆီက ရော်နယ်လ်ဒိုရှိနေခြင်းဟာ သူ့ကို ပိုပြီး ကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဘယ်လိုဖြစ်ခဲ့သလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

"ဒါဟာ ကျနော်တို့နှစ်ယောက်လုံးအတွက် ကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့ဟာ ကျနော်တို့ကိုယ်ကို အမြဲတမ်း တိုးတက်လာစေချင်ပါတယ်။"လို့ သူက ပြောပါတယ်။

သူဟာ ဘာစီလိုနာအသင်းဖော်ဟောင်းဖြစ်တဲ့ နေမာနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ဆွာရက်ဇ်၊ နေမာတို့ နှစ်ယောက်လုံးနဲ့ Whatsapp group မှာ အတူရှိတယ်လို့လည်း ပြောပါတယ်။

အသင်းဖော်ဟောင်းတွေဖြစ်တဲ့ အင်နီယေစတာ၊ ဇာဗီနဲ့ "အရင်ကရှိခဲ့တဲ့ သူတိုင်း"ကို သတိရတယ်လို့လည်း သူက ဝန်ခံခဲ့ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly