ချန်ပီယံလိဂ် - “ကျနော်တို့ သမိုင်းကြောင်းတစ်ခု ရေးထိုးချင်ပါတယ်။” - ပိုချက်တီနို

ချန်ပီယံလိဂ် - “ကျနော်တို့ သမိုင်းကြောင်းတစ်ခု ရေးထိုးချင်ပါတယ်။” - ပိုချက်တီနို
Photos: EPA

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကစားသမားတွေဟာ သူတို့ ဘဝရဲ့ အကြီးမားဆုံး ပွဲတစ်ပွဲကို ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပြီး သမိုင်းကြောင်း တစ်ခုကို ရေးထိုးသွားဖို့ အတွက် အချိန်ကျနေပြီလို့ အသင်းနည်းပြ ပိုချက်တီနိုက ပြောဆိုသွားခဲ့ပါတယ်။

စပါးနည်းပြ ပိုချက်တီနိုက သူ့ရဲ့ အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စိတ်ရှုပ်ထွေးစာရာတွေ၊ ဒဏ်ရာအနာတရရှိခဲ့မှုတွေနဲ့ ကွင်းသစ်ဆောက်လုပ်မှုကြောင့် အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ လှုပ်ရှားမှု နှောင့်နှေးနေတာရှိခဲ့ပေမယ့် အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တယ်လို့လည်း ယုံကြည်နေပါတယ်။

"အဲဒီခက်ခဲမှုတွေအားလုံးက အသင်းကို ပိုပြီးတော့ ခိုင်မာလာစေခဲ့ပါတယ်။ ဘောလုံးလောကမှာ အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားရင် အောင်မြင်မှုရရှိမယ်လို့ ယုံကြည်ထားတယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ဖန်တီးမှုတွေကို ကျနော်တို့ ပြသနိုင်မှာပါ။"လို့ ပိုချက်တီနိုက ပြောပါတယ်။

"ဒါ့ကြောင့် ကျနော်တို့ အသင်းရဲ့ ရဲရင့်မှုတွေနဲ့ ကျနော်တို့ ဘယ်လိုယှဉ်ပြိုင်နိုင်ခဲ့သလဲဆိုတာ ဒီဟာက ပြသပါတယ်။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ ၁၀ လမှာ တောင့်တင်းသန်မာကြောင်းကို ကျနော်တို့ ပြသခဲ့ပြီးဖြစ်ပါတယ်။"

"ကျနော်တို့ ကစားသမားသစ်တွေ မခေါ်နိုင်ခဲ့လို့ ပြန်မရောင်းချဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော်တို့ မူဆာဒမ်ဘီလီကို ဇန်နဝါရီက ရောင်းချခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်မှာ ကစားချင်တဲ့ သူ့အိပ်မက်ကြောင့်ပါ။

"လီဗာပူးလ်အသင်းဟာ ကြီးကျယ်တဲ့ အသင်းတစ်သင်းပါ။ မန်စီးတီးအသင်းဟာ အင်္ဂလန်မှာ အကောင်းဆုံးအသင်းလို့ ကျနော် ထင်ပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်မှာ တစ်သင်းနဲ့ တစ်သင်း ထိပ်တိုက်ယှဉ်ပြိုင်နေရတယ်လို့ ကျနော် ထင်ပါတယ်။ တစ်ကယ်တမ်းမှာ ဒီနှစ် ချန်ပီယံလိဂ်က မယုံနိုင်စရာပါပဲ။"

"ပြီးတော့ ပြီးခဲ့တဲ့တစ်နှစ်က လီဗာပူးလ်ဟာ ဗိုလ်လုပွဲ ကစားခဲ့တယ်။ ထူးခြားတဲ့ နည်းပြ ကလော့ပ်၊ နည်းပြတွေ၊ မယုံနိုင်စရာကောင်းတဲ့ ကစားသမားတွေ သူတို့ဟာ အပြည့်အဝ အသိအမှတ်ပြုဖို့ ထိုက်တန်ပါတယ်။

ပိုချက်တီနိုက သူဟာ ခက်ခဲတဲ့ပြိုင်ဘက်ကို အနိုင်ယူပြီး သမိုင်းသစ်ရေးထိုးချင်တယ်လို့ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"မနက်ဖြန်ဟာ ကျနော်တို့အတွက် ပျော်ရွှင်ဖွယ်ရာ အကြောင်းအရာတွေလို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ အနိုင်ရဖို့ ကြိုးစားမယ်။ ဘာလို့လဲဆိုတော့ ဘောလုံးလောကမှာ သမိုင်းကြောင်းတစ်ခုကို ရေးထိုးချင်လို့ပါ။ မနက်ဖြန်ဟာ အနိုင်ရမယ့် နေ့တစ်နေ့၊ ကျနော်တို့တွေ ဘာလုပ်ဖို့ လိုအပ်တယ်ဆိုတာ ကောင်းကောင်း သိထားပါတယ်။”လို့ သူက ပြောပါတယ်။

စပါးအသင်းဟာ လီဗာပူးလ်အသင်းနဲ့ (၁၄)ကြိမ် တွေ့ဆုံခဲ့ရာမှာ (၁)ပွဲသာ အနိုင်ရရှိထားပါတယ်။

စပါးအသင်းဟာ ၁၉၆၃ European Cup Winners cup ဖလားကို ဆွတ်ခူးတဲ့ ပထမဆုံးအင်္ဂလိပ်အသင်းဖြစ်ပြီး သူတို့ဟာ ၁၉၈၄ ခုနှစ်မှာ ယူအီးအက်ဖ်အေဖလားကို ဆွတ်ခူးခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly