သံဃာ့နာယကဆရာတော်များ၏ သြဝါဒ ခံယူပြီးမှသာ အာဏာစက်ဖြင့် အရေးယူခြင်းကိုခံယူမည်ဟု ဦးဝီရသူ မိန့်ကြား

သံဃာ့နာယကဆရာတော်များ၏ သြဝါဒ ခံယူပြီးမှသာ အာဏာစက်ဖြင့် အရေးယူခြင်းကိုခံယူမည်ဟု ဦးဝီရသူ မိန့်ကြား

ရန်ကုန် ၊ ဇွန် ၁ ။    ။ ရန်ကုန်တိုင်းသံဃာ့နာယကဆရာတော်ကြီး၏ သြဝါဒခံယူပြီးမှသာ အာဏာစက်ဖြင့် အရေးယူမည့် ကိစ္စကို ဆက်လက်ရင်ဆိုင်သွားမည်ဟု မဘသဆရာတော် ဦးဝီရသူက မေလ ၃၁ ရက်နေ့ ညက လူမှုကွန်ရက် စာမျက်နှာတွင် Video ဖိုင်တစ်ဖိုင် လွှင့်တင်ပြီး မိန့်ကြားတုံ့ပြန့်ခဲ့သည်။

“ဆရာတော်ကြီးများ၏ ဓမ္မစက်ဖြင့် အရေးယူခြင်းကိုသာ လက်ခံမည်ဖြစ်ပါသည်ဘုရား။ ဆရာတော်ကြီးများ၏ ဓမ္မစက်ကို ကျော်လွန်သည့် အာဏာစက်ဖြင့် မည်သည့်အရေးယူမှုကိုမျှ ဆရာတော်ကြီးများ၏ ရှေ့မှောက်မှာ လက်ခံမည်မဟုတ်ပါ ဘုရား။ ဆရာတော်ကြီးများ၏ အဆုံးအမ ခံယူပြီးနောက်ပိုင်းမှာမှ ဘုရား တပည့်တော် ကိုယ်တိုင် သွားရောက်ရင်ဆိုင်မည် ဖြစ်ပါသည်" ဟု ဦးဝီရသူက မိန့်ဆိုခဲ့သည်။

ဦးဝီရသူမိန့်ဆိုခဲ့သည်ဟု ယူဆရသည့် Video ဖိုင်တွင် ရန်ကုန်တိုင်းသံဃာ့နာယကအဖွဲ့က မေလ ၃၀ ရက်နေ့တွင် သြဝါဒပေးရန် ဆင့်ခေါ်ထားမှုကြောင့် ရန်ကုန်ကို လာရောက်ခဲ့သော်လည်း အစီအစဉ် ဆိုင်းင့ံ သွားကြောင်း ၊ ယင်းသို့ ဆိုင်းငံ့ကြောင်း အကြောင်းကြားသည့်စာတွင် ထပ်မံ၍ သြဝါဒပေးမည့်ရက်ကို  အသိပေးအကြောင်းကြားမည်ဟု ပါရှိသောကြောင့် စောင့်ဆိုင်းနေသည်ဟု မိန့်ဆိုထားသည်။

ဦးဝီရသူအနေဖြင့် ဆရာတော်ကြီးများမှ ဆုံးမသြဝါဒပေးမည့် ဓမ္မစက်ကို ခံယူပြီးမှသာ အစိုးရက အမှုဖွင့် ထားသည့် အာဏာစက်ကို ရင်ဆိုင်သွားမည်ဖြစ်ပြီး ဓမ္မစက်ဖြင့် သြဝါဒ ပေးမှုမပြီးမချင်း မည်သည့် အာဏာစက်ဖြင့် အရေးယူမှုကိုမျှ လက်ခံမည် မဟုတ်ဟု မိန့်ဆိုခဲ့သည်။

“အာဏာပိုင်များ ယုံကြည် စိတ်ချရလေအောင် မြို့နယ် အဆင့် ခရိုင်အဆင့် ရဲအရာရှိ နှစ်ဦးကို ဘုရား တပည့်တော်၏ ကားပေါ် တင်ခေါ်သွားပါမည်။ လူသူ ပရိသတ် ရှင်းလင်းသည့်အချိန်ရောက်မှ ၎င်း ရဲအရာရှိများ၏ အစီအစဉ်ဖြင့် လိုက်ပါသွားမည်ဖြစ်ပါသည်ဘုရား” ဟု ဦးဝီရသူက လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သည့် Video ဖိုင်တွင် မိန့်ဆိုခဲ့သည်။

လက်ရှိတွင် မဘသဆရာတော် ဦးဝီရသူအား အစိုးရမှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲဆိုထားပြီး ဝရမ်းထုတ်ကာ ရှာဖွေနေဆဲဖြစ်သည်။ ဦးဝီရသူအနေဖြင့် ရန်ကုန်တွင် ရောက်ရှိနေသည်ဟု ပြောဆိုထားသော်လည်း မည်သည့်နေရာတွင် ရှိနေသည်ကိုမူ တိတိကျကျ သိရှိရခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲ၌ ဦးဝီရသူက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းမိန့်ဆိုခဲ့မှုများနှင့် ပတ်သက်ပြီး အစိုးရမှ အရေးယူရန် ပြင်ဆင်နေခြင်း လည်း ဖြစ်သည်။

ယင်းပွဲတွင် “မိတ်ကပ်လေးလိမ်းဖို့လောက်တတ်၊ ဖက်ရှင်လေးဝတ်ဖို့လောက်တတ်၊ ဒေါက်မြင့်လေးနဲ့ ကော့ကော့ လျှောက်သွားဖို့လောက်တတ်၊ ဒီကြားထဲ နိုင်ငံခြားသားတွေ တွေ့ရင် …….ယမ်းချင်သေးတယ်။ ဒီလောက်သရမ်းနေတဲ့ဟာကြီးကို သမ္မတ တင်ချင်သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ သေချာပေါက်” ဟု ဦးဝီရသူက မိန့်ဆိုခဲ့ခြင်းဖြစ်သည်။

မဘသဆရာတော် ဦးဝီရသူအနေဖြင့် မြိတ်မြို့တွင် ကျင်းပသည့် ပွဲသာမက မေလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) အား ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲ” တွင် လွှတ်တော်ထဲရှိ တပ်မတော်သားများအား ဘုရားကဲ့သို့ ကိုးကွယ်သင့်ကြောင်း မိန့်ဆိုခဲ့သည်။

ဦးဝီရသူ၏ ယင်းသို့ပြောဆိုချက်များသည် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံသွားခဲ့ပြီးနောက် ပြည်သူ လူထုများအကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေခဲ့သည်။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်တွင် သီတင်းသုံးသည့် ဦးဝီရသူသည် အမျိုးသားရေးလှုပ်ရှားသူအဖြစ် ခံယူ ထားပြီး မွတ်စလင် ဆန့်ကျင်ရေး ဆရာတော်တစ်ပါးအဖြစ် ထင်ရှားသည်။ ၄င်း၏ နောက်တွင် အမျိုးသားရေး လှုပ်ရှားသူများဟု မိမိကိုယ့်ကို ပြောဆိုခံယူထားသူများက အခိုင်အမာ ရပ်တည်ပေးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required