ဟွန်ဒူးရပ်စ်မှာ ဆန္ဒပြသူများက အမေရိကန် သံရုံးဝင်ပေါက်ကို မီးရှို့

ဟွန်ဒူးရပ်စ်မှာ ဆန္ဒပြသူများက အမေရိကန် သံရုံးဝင်ပေါက်ကို မီးရှို့

တက်ဂူဆီဂါလ်ပါ၊ ဇွန် ၁။             ။ ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ မြို့တော် တက်ဂူဆီဂါလ်ပါက အမေရိကန်သံရုံးရဲ့ အဓိကဝင်ပေါက်မှာ မေ ၃၁ ရက်နေ့က ဆန္ဒပြသူတွေဟာ ကားတာယာတွေနဲ့ ပစ္စည်းပစ္စယတွေကို စုပုံပြီး မီးရှို့ဆန္ဒပြကြပါတယ်။

နေ့လယ်ခင်းပိုင်းလောက်မှာ ခုလို မီးတင်ရှို့ကြတာဖြစ်ပြီး ဘယ်သံရုံးဝန်ထမ်းတစ်ဦးတစ်လေမှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့  နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက နောက်ပိုင်းအချိန်မှာ ပြောပါတယ်။

ပညာရေးနဲ့ ကျန်းမာရေးနယ်ပယ်က တတ်ကျွမ်းပညာရှင်တွေက ရက်တွေအတန်ကြာအောင် ဆန္ဒပြနေတဲ့ အချိန်အတောအတွင်း ခုလို အမေရိကန်သံရုံးမှာ မီးရှို့ဆန္ဒပြမှု ဖြစ်ပွားပေါ်ပေါက်လာတာပါ။

ဆန္ဒပြသူတွေဟာ ဟွန်ဒူးရပ်စ်အစိုးရအနေနဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍကို ပုဂ္ဂလိကထံ မလွှဲပြောင်းဖို့ တိုက်တွန်းရင်း ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလို ဆန္ဒပြမှုတွေ ဖြစ်ပွားနေချိန်မှာ အမေရိကန်သံရုံးက သံရုံးမိသားစုတွေကို အိမ်ထဲက အိမ်ပြင်မထွက်ဖို့ ကြိုတင်ညွှန်ကြားချက် ထုတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်သံရုံးကို ဆန္ဒပြသူတွေက ဘာကြောင့် ပစ်မှတ်ထားလားသလဲဆိုတာကိုတော့ လတ်တလောမှာ မသိရသေးပါ။

သံရုံးကို ဆန္ဒပြပြီး မီးရှို့ကြပေမယ့် အခြေအနေက ဆိုးဆိုးဝါးဝါးတော့ ရှိပုံမရဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်တာဝန်ရှိသူတစ်ဦးက ပြောပြီး သတင်းအချက်တွေ ပိုသိရအောင် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly