ဦးဝီရသူနှင့် ဆက်စပ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှု ထိခိုက်ပါက ပြတ်သားစွာ အရေးယူမည်ဟု သမ္မတရုံး ပြော

ဦးဝီရသူနှင့် ဆက်စပ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှု ထိခိုက်ပါက ပြတ်သားစွာ အရေးယူမည်ဟု သမ္မတရုံး ပြော
  ဓာတ်ပုံ- အောင်ရှိုင်းဦး

နေပြည်တော်(မေလ ၃၁ရက်၊ ၂၀၁၉ခုနှစ်)။      ။ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် အမျိုးသားရေးဆရာတော် ဦးဝီရသူနှင့် ဆက်စပ်ပြီး နိုင်ငံအတွင်း တည်ငြိမ်၊ အေးချမ်းမှုကို ထိခိုက်လာနိုင်သည့် အနေအထား ရှိပါက ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား လုပ်ဆောင်မည်ဟု နိုင်ငံတော်သမ္မတရုံး၊ ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့၊ ကားပါကင်တွင် ပြုလုပ်ခဲ့သော ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲတွင် ဦးဝီရသူ၏ ဟောပြောချက်အပေါ် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် အနောက်ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မေလ ၂၈ရက်တွင် တရားစွဲဆိုထားသည်။

ဦးဝီရသူကို ဖမ်းဆီးရမိခြင်း မရှိသေးခင်မှာပင် ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ သံဃာတော်အချို့နှင့်လူပုဂ္ဂိုလ်အချို့က ဦးဝီရသူအတွက် ဆုတောင်းပွဲများကို မေလ ၃ဝရက်နှင့့်၊ ၃၁ရက်တို့တွင် ဆက်တိုက် ပြုလုပ်ခဲ့ကြသည်။

“မနေ့ကပဲ ဆုတောင်းပွဲတွေရှိတယ်။ သတင်းတွေ ကျွန်တော်တို့ အများကြီး ရှိပါတယ်။ အဲ့အပေါ်မှာလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး တာဝန်ရှိတဲ့လူတွေ ကိုယ်တွယ်ထိန်းသိမ်းမယ့် နည်းလမ်းတွေပေါ့နော်။ ဒါတွေလည်း အများကြီးစဉ်းစားပြီး ဆောင်ရွက်နေပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ယနေ့ကျင်းပသည့် အစိုးရသက်တမ်းသုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးဇော်ဌေးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
 
ဦးဇော်ဌေးက “တရားဥပဒေစိုးမိုးရေးနဲ့အညီ ဥပဒေနဲ့အညီ ဆောင်ရွက်မှာ ဖြစ်တယ်။ ဒီအပေါ်မှာတော့ လျှော့လို့မရဘူး။ ကြီးသည်ဖြစ်ဖြစ်၊ ငယ်သည်ဖြစ်ဖြစ်၊ ဒီနိုင်ငံ တည်ငြိမ်၊ အေးချမ်းရေးကို ထိခိုက်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်ဆိုရင်တော့ ကျွန်တော်တို့က ဥပဒေနဲ့အညီ တိတိကျကျ ပြတ်ပြတ်သားသား လုပ်ရမှာ ဖြစ်တယ်” ဟု ဆိုသည်။

ဦးဝီရသူ၏ ဟောပြောချက်များအပေါ် အုပ်ချုပ်ရေးပိုင်းက တရားစွဲထားသလို သံဃအဖွဲ့အစည်းတွင် အမြင့်ဆုံးဖြစ်သည့် နိုင်ငံတော်သံဃမဟာနယကအဖွဲ့က ထိုဟောပြောမှုများအတွက် ဦးဝီရသူကို ဆုံးမဩဝါဒပေးရန် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ထံ ညွှန်ကြားထားသည်။

ထို့ကြောင့် ယခုလ ၃ဝရက်၊ မွန်းလွဲ ၂နာရီတွင် ရွှေတိဂုံစေတီတော်အနီးရှိ တိုင်းသံဃနာယကအဖွဲ့ရုံးတွင် ပြုလုပ်မည့် ‘ဩဝါဒပေးပွဲ’ အခမ်းအနားသို့ ကြွရောက်ရန် ယခုလ ၂၂ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့၊ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိက ဦးဝီရသူထံ အကြောင်းကြားခဲ့သည်။

သို့ရာတွင် အဆိုပါ ဆုံးမဩဝါဒပေးရန် ခေါ်ယူထားခြင်းအား တိုင်းသံဃနာယကအဖွဲ့က အခြေအနေအရ ဆိုင်းငံ့ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မေလ ၂၉ရက်တွင် ထုတ်ပြန်ထားသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးမြင့်ဦးက “၃ဝရက်နေ့ကို သေချာပေါက် ဆုံးမဩဝါဒပေးဖို့ လုပ်ထားတယ်။ ဒါပေမယ့် (အုပ်ချုပ်ရေးဘက်က)တရားရုံးကို ဦးတိုက်လျှောက်ထားတဲ့ အတွက်ကြောင့် ပွင့်ပွင့်လင်းလင်းပြောရရင် ထောင်ဖမ်းတယ်ဆိုတာမျိုး ဆရာတော်ကြီးတွေက မလိုလားပါဘူး။ မနှစ်မြို့ပါဘူး။ အဲ့ဒါကြောင့် ဒီဟာကို ရွှေ့ဆိုင်းခြင်း ဖြစ်ပါတယ်။ ဆုံးမဩဝါဒပေးဖို့ ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly