မိုက်ကယ်ကျော်မြင့် နှင့် သီဟမျိုးနိုင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်

မိုက်ကယ်ကျော်မြင့် နှင့် သီဟမျိုးနိုင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ မေ ၃၁ ။          ။ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြပြီး ဆူပူမှုဖြစ်အောင် လုပ်ဆောင်ခဲ့သော မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

အဆိုပါဖမ်းဝရမ်းထုတ်ပြန်မှုသတင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေလ ၃၁ရက်နေ့တွင် တရားဝင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံး၏ ရာဇဝတ်ကြီးအမှုအမှတ် (၈၂၆/၂၀၁၉)၊ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုဖြင့် ဖမ်းဝရမ်းထုတ်ခြင်းခံရသည့် ကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်၊(၄၃)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ၁၄/ညတန (နိုင်) ၁၃၈၉၈၄၊ (ဖ)ဦးစိုးမင်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် သီဟမျိုးနိုင် (ခ) မောင်ထွေး၊ (၄၂) နှစ်၊ ၁၂/ဒဂတ(နိုင်) ၀၂၈၅၃၅၊ (ဖ) ဦးညွန့်သောင်း၊ (၅၄)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) တို့ကို တွေ့ရှိပါက အနီးဆုံးရဲစခန်းသို့ အကြောင်းကြားရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တောင်ဒဂုံမြို့နယ်တွင် ပြီးခဲ့သည့်မေလ ၁၅ ရက်နေ့က မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် လူအင်အား ၁၀၀ ခန့်သည် ၁၀၆၊ ၆၄ နှင့် ၂၆ ရပ်ကွက်များရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းရာ နေအိမ်များသို့ဝင်ရောက်ပြီး နောင်တွင် ထိုသို့ထပ်မံဝတ်မပြုရန် ဒေသခံအစ္စလာမ်ဘာသာရေး လူကြီးများကို ခံဝန်ရေးထိုးခိုင်းခဲ့သည်။ အဆိုပါကိစ္စအတွက် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ထားသည်။

မိုက်ကယ်ကျော်မြင့်သည် ၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိတို့ မြေကိစ္စတွင် လာဘ်စားခဲ့သည်ဟု စွပ်စွဲမှု၊ ဆန္ဒပြမှုတို့ကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ခြောက်လချမှတ်ခံခဲ့ရသူဖြစ်သလို မမှန်မကန် စွပ်စွဲမှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့် ထောင်ဒဏ် သုံးလ၊ ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ဖြင့် ထောင်ဒဏ် တစ်လ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောက်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly