နိုင်ငံမှာ ရောက်နေတဲ့ အမှိုက် ကုန်သေတ္တာ အလုံး ၇၀ နီးပါးကို ဖိလစ်ပိုင်က မူလနိုင်ငံ ကနေဒါသို့ ပြန်လည် ပို့ဆောင်

နိုင်ငံမှာ ရောက်နေတဲ့ အမှိုက် ကုန်သေတ္တာ အလုံး ၇၀ နီးပါးကို ဖိလစ်ပိုင်က မူလနိုင်ငံ ကနေဒါသို့ ပြန်လည် ပို့ဆောင်

မေ ၃၁ ။          ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း နိုင်ငံမှ ရောက်နေခဲ့တဲ့ တန်ချိန်ပေါင်း များစွာရှိ အမှိုက်သရိုက်တွေကို ဖိလစ်ပိုင်အာဏာပိုင်တွေက ယနေ့ မေ ၃၁ ရက်တွင် မူလနိုင်ငံဖြစ်တဲ့ ကနေဒါထံ ပြန်လည် ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ တန်ချိန်နဲ့ချီတဲ့ အမှိုက်သရိုက်တွေ လက်ခံံထားရှိမှုကိစ္စနဲ့ပတ်သက်လို့ ဖိလစ်ပိုင်နဲ့ ကနေဒါ အကြား သံတမန်ရေးရာ တင်းမာမှုတွေ ပြင်းထန် ဆိုးဝါးနေလျက် ရှိပါတယ်။

လက်ရှိမှာလည်း အာရှနိုင်ငံတွေအနေနဲ့ နိုင်ငံတကာက အမှိုက်သရိုက်တွေကို စုပုံလက်ခံရာ နေရာတွေ အဖြစ် ရှိနေမှုကို ယခင်ကထက် တိုးမြှင့်ဆန့်ကျင်လာနေလျက် ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းက ကနေဒါ ဆီကနေ ဖိလစ်ပိုင်ဆီ အမှိုက်တန်ချိန်ပေါင်းများစွာ ပို့ဆောင်ထားခဲ့ပြီးနောက် ယခုအခါ ယင်း ပုပ်သိုးဆွေးမြည့်နေတဲ့ အမှိုက်တွေကို ပြန်ယူဖို့ ဖိလစ်ပိုင်က ကနေဒါဘက်ကို ကာလကြာ တိုက်တွန်းထားခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ကနေဒါဘက်က ယင်း အမှိုက်တွေကို ပြန်လည် လက်ခံဖို့ တွန့်ဆုတ်နေတဲ့အတွက် ပြီးခဲ့တဲ့အပတ်ကတော့  ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ကနေဒါအစိုးရကို ပြင်းထန်စွာ ပြစ်တင်သွားခဲ့ပါတယ်။ဒါ့အပြင် ဒီအမှိုက်တွေကို ချက်ချင်း ကနေဒါဆီ ပို့ဖို့လည်း ညွန်ကြားထားခဲ့ပါတယ်။

ယခုအခါမှာတော့ အမှိုက်သရိုက်တွေပါတဲ့ ကွန်တိန်နာ ၆၉ လုံးကို တင်ဆောင်ထားတဲ့ ကုန်တင်သင်္ဘောကြီးတစ်စင်းဟာ မနီလာဆိပ်ကမ်းကနေတဆင့် ကနေဒါဆီ ဦးတည်ပြီး စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly