လူသေဆုံးသည်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့သော ရသေ့တောင် ကျောက်တန်းရွာကို လူ့အခွင့်အရေးကော်မရှင် သွားရောက်စစ်ဆေး

လူသေဆုံးသည်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့သော ရသေ့တောင် ကျောက်တန်းရွာကို လူ့အခွင့်အရေးကော်မရှင် သွားရောက်စစ်ဆေး

ရန်ကုန် ၊ မေ ၃၁ ။                     ။ တပ်မတော်မှ ရက်အတန်ကြာဝင်ရောက်ထိန်းသိမ်းခဲ့ပြီးနောက် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းရွာကို မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း မေလ ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

“သေဆုံးသွားတဲ့လူတွေရဲ့ မိသားစုတွေရော၊ ဒဏ်ရာရတဲ့လူတွေရော၊ အဲ့ထဲမှာပါတဲ့လူတွေရော တပ်မတော် သားတွေရော အကုန်လုံးကို တွေ့ဆုံမေးမြန်းထားတယ်” ဟု လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင်အောင်က မဇ္စျိမသို့ပြောသည်။

သို့သော်လည်း လက်ရှိတွင် တွေ့ရှိချက်များကိုမပြောဆိုနိုင်သေးဘဲ ရရှိလာသည့်အချက်အလက်များအား စုပေါင်းပြီး သုံးသပ်ချက်အကြံပြုချက်များကို ရေးသားထုတ်ပြန်ပေးသွားမည် ဦးယုလွင်အောင်က ဆိုသည်။

“ရန်ကုန် ပြန်ရောက်ပြီး တစ်ပတ်လောက်အတွင်းမှာ ထုတ်ပြန်နိုင်မှာပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

လူ့အခွင့်အရေးကော်မရှင်အနေဖြင့် မေလ ၂၈ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး ရဲအချုပ်ခန်းတွင် ထိန်းသိမ်း ခံထားရသည့် ကျောက်တန်းရွာသား ၈ ဦးကို တွေ့ဆုံခဲ့ကြောင်း ၊  မေ လ ၂၉ ရက်နေ့တွင် ကျောက်တန်းကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒေသခံရွာသူရွာသားများနှင့် တွေ့ဆုံကာ ဖြစ်စဉ်အခြေအနေကို မေးမြန်းစုံစမ်းခဲ့ကြောင်း ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် ကော်မရှင်အနေဖြင့် ကျောက်တန်းကျေးရွာ ဖြစ်စဉ်ဖြစ်ပွားခဲ့စဉ်က တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ရင်းမှ တပ်ရင်းမှူး နှင့် အရာရှိစစ်သည် ၈ ဦး တို့ကို မေးမြန်းခဲ့ပြီး ဖြစ်စဉ်၌ သေဆုံးခဲ့သူများ၏ မိသားစုဝင်များနှင့်လည်း  တွေ့ဆုံခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် တပ်မတော်မှ ကျောက်တန်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာအတွင်းရှိ အိမ်ထောင်စု ၄၇၇ စုအား အိမ်ထောင်စုစာရင်းနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး အသက် ၁၅ နှစ်မှ ၅၀ နှစ် အတွင်းရှိ မသင်္ကာဖွယ်ရာအမျိုးသား ၂၇၅ ဦးအား ကျေးရွာစာသင်ကျောင်းတွင် ထိန်းသိမ်းထားရှိကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးနေစဉ် မေလ ၂ ရက်နေ့ နံနက်အစောပိုင်း၌ ထိန်းသိမ်းထားသည့် နေရာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိန်းသိမ်းခံထားရသူများထဲမှ ၆ ဦးသေဆုံးခဲ့ကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

တပ်မတော်ဘက်ကမူ ထိန်းသိမ်းခံထားရသူများမှ လုံခြုံရေးတပ်ဖွဲ့ များကို အန္တရာယ်ပြုလာသည့် အနေအထား ဖြစ်သောကြောင့် ပစ်ခတ်လူစုခွဲခဲ့ခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဖြေဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required