‘ကျနော် ရီးယဲလ်မက်ဒရစ်မှာ ကစားသမားဘဝ အနားယူလိုပါတယ်။’ - ရာမို့စ်

‘ကျနော် ရီးယဲလ်မက်ဒရစ်မှာ ကစားသမားဘဝ အနားယူလိုပါတယ်။’ - ရာမို့စ်
Photos: EPA

ဆာဂျီယို ရာမို့စ်ဟာ ယခုနွေရာသီမှာ တရုတ်စူပါလိဂ်အသင်းတစ်သင်းဆီ အလွတ်ပြောင်းရွှေ့ခွင့်ရဖို့ ဥက္ကဋ္ဌ ပီရက်ဇ်ကို တောင်းဆိုထားတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက စပိန်မီဒီယာတွေထက် ရောက်ရှိလာမှုကို ရီးယဲလ်နောက်ခံကစားသမားက ကြာသပတေးနေ့က ပယ်ချလိုက်ပြီး သူအနေနဲ့ ဘာနေဗျူးမှာ ကစားသမားဘဝကို အနားယူလိုတယ်လို့ အခိုင်အမာပြောဆိုသွားပါတယ်။

ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်ဟာ ဗယ်လ်ဒါဘီဘတ်က မက်ဒရစ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ "ထွက်ပေါ်လာတဲ့ ကောလာဟလတွေကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်သွားဖို့" သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

သူက ဆက်လက်ပြီး "ကျနော့်ရဲ့ အနာဂတ်ကို ရှင်းလင်းစေချင်ပါတယ်။ ကျနော်ဟာ ရီးယဲလ်မက်ဒရစ်ပရိသတ် (Madridista) တစ်ယောက်ပါ။ ကျနော် ဒီနေရာ (ရီးယဲလ်)မှာ ကစားသမားဘဝကို အနားယူလိုတယ်။ ကျနော်တို့ စိတ်ပျက်ဖွယ်ရာ ရာသီတစ်ခုကို ဖြတ်သန်းအပြီးမှာအသင်းရဲ့ အနာဂတ်ကို အတူတကွ ပြန်ပြီး တည်ဆောက်လိုပါတယ်။"

"ကျနော် အသင်းကနေ ထွက်ခွာတဲ့ တစ်နေ့ အောင်မြင်မှုတွေနဲ့ တံခါးရှေ့ကနေ တစ်ဆင့် နှုတ်ဆက်စကား ပြောချင်ပါတယ်။"

မတ်လက ချန်ပီယံလိဂ်မှာ အေဂျက်စ်ကို ရှုံးနိမ့်ပြီးနောက် ရာမို့စ်နဲ့ ပီရက်ဇ်တို့ဟာ အပြင်းအထန် အပြန်အလှန် ငြင်းခုန်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ တင်းမာလျက်ရှိနေပါတယ်။

သူရာမို့စ်က တရုတ်ကလပ်တစ်သင်းဆီ ပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း ပြောတယ်လို့ ပီရက်ဇ်က စပိန်ရေဒီယိုလိုင်း Onda Cero ကို ဆိုပါတယ်။ ဒါပေမယ့် အသင်းဟာ အပြောင်းအရွှေ့အတွက် မတတ်နိုင်ခဲ့ပါဘူး။ ပီရက်ဇ်က မက်ဒရစ်ဟာ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်မပေးနိုင်ဘူးလို့ သူက ပြန်ကြားခဲ့ပါတယ်။

"ကျနော် ဘယ်တော့မှ တရုတ်ကို မသွားချင်ပါဘူး။"လို့ ရာမို့စ်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ရာမို့စ်နဲ့ ပီရက်တို့ဟာ "ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့"အတွက် တွေ့ဆုံဆွေးနွေးရာမှာ ရာမို့စ်က ထည့်သွင်းပြောဆိုခဲ့တာပါ။

"ကျနော်ချစ်ခင်တယ်လို့ ခံစားမှုမျိုးရှိတဲ့ နေရာမှာ နေလိုပါတယ်။ မနေ့က ကျနော်တို့ အရာအားလုံး အဆင်ပြေခဲ့ပြီး ကျနော်တို့ဟာ မက်ဒရစ်ရဲ့ အနာဂတ်ကို အတူတကွ တည်ဆောက်လိုပါတယ်။"

“ဥက္ကဋ္ဌနဲ့ ကျနော်ဟာ အဖေနဲ့သား ဆက်ဆံရေးမျိုး ရှိပါတယ်။ ကျနော်တို့ တစ်ဦးနဲ့တစ်ဦး အလွန်ချင်ခင်ကြတယ်။ ကျနော် ထွက်ခွာမသွားလိုပါဘူး။ ကျနော့်အိပ်မက်က ဒီနေရာမှာ အနားယူဖို့ပါ။ တကယ်တော့ ကျနော် ဒီနေရာမှ လွတ်လွတ်လပ်လပ်နဲ့ ကစားဖို့ ဆန္ဒရှိနေပါတယ်။"လို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။

"ဘယ်သူက သူတို့အဖေနဲ့ စောဒကတက်မှာလဲ? ဒါပေမယ့် အကောင်းဆုံးအခြေအနေက တခြားဘယ်သူမှ ဝင်ရောက်စွက်ဖက်မှု မပါပဲ မျက်နှာချင်းဆိုင် ထိုင်ပြောဖို့ဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက ကျနော့်ရဲ့ စာချုပ် ဒါမှမဟုတ် ငွေကြေးအကြောင်းကို ဖလော်တီနိုနဲ့ ကျနော်တို့ ပြောဆိုခဲ့ပါတယ်။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly