အမေရိကန်ဟာ အရှက်ကင်းမဲ့တဲ့ စီးပွားရေး အကြမ်းဖက်ဝါဒီလို့ တရုတ် စွပ်စွဲ

အမေရိကန်ဟာ အရှက်ကင်းမဲ့တဲ့ စီးပွားရေး အကြမ်းဖက်ဝါဒီလို့ တရုတ် စွပ်စွဲ

ပေကျင်း၊ မေ ၃၀ ။       ။ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ စကားလုံးထိုးစစ်နဲ့ ထိုးနှက်တဲ့ အနေနဲ့ တရုတ်နိုင်ငံဟာ မေ ၃၀ ရက်က အမေရိကန်ကို အရှက်ကင်းမဲ့တဲ့ စီးပွားရေး အကြမ်းဖက်ဝါဒီလို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

အခု လအစောပိုင်းမှာ တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးအပေါ် သမ္မတ ဒေါ်နယ်ထရမ့်က စည်းကြပ်ခွန် ထပ်တိုးမြှင့်လိုက်သလို ဟွာဝေးကုမ္ပဏီကြီးကိုလည်း နာမည်ပျက်စာရင်းသွင်းလိုက်တာကြောင့် ကမ္ဘာ့စီးပွားရေး ထိပ်သီးနှစ်နိုင်ငံကြားက ကုန်သွယ်ရေးဆွေးနွေးပွဲတွေဟာ သောင်မတင်ရေမကျ ဖြစ်နေတော့တာပါ။

“ကျွန်တော်တို့ကတော့ ကုန်သွယ်ရေးစစ်ပွဲကို မလိုလားပါဘူး။ ဒါပေမယ့် တိုက်ရဖို့အတွက်လည်း မစိုးရိမ်ဘူး။”လို့ တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကျောင်းဟန်ဟီက ပြောပါတယ်။

လာမယ့် သီတင်းပတ်မှာ သမ္မတ ရှီကျင့်ဖျင် ရုရှားခရီးစဉ် သွားရောက်မယ့်အကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

“ကုန်သွယ်ရေး ပဋိပက္ခကို အကွက်ကျကျ စီစဉ်ပြီး လုပ်ဆောင်တယ်ဆိုတာ အရှက်ကင်းမဲ့တဲ့ စီးပွားရေး အကြမ်းဖက်ဝါဒပဲ၊ စီးပွားရေး လူစွာလုပ်တာပဲ၊ စီးပွားရေး နိုင်ထက်စီးနင်းပြုကျင့်တာပဲ။”ဆိုပြီး ကျောင်းဟန်ဟီက ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ စည်းကြပ်ခွန်တိုးမြှင့်မှုတွေနဲ့ ကုန်သွယ်ရေးအကာအကွယ်ပြုမှုတွေကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်းလည်း ၎င်းက အလေးပေး ပြောဆိုပါတယ်။

“ကုန်သွယ်ရေးစစ်ပွဲမှာ နိုင်သူ မရှိဘူး။”လို့လည်း ၎င်းက သတိပေး ပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly