ဦးဝီရသူက တပ်မတော်ကို ဘုရားလိုကိုးကွယ်ခိုင်းခြင်းမဟုတ်ဘဲ ဥပမာပေးခိုင်းနှိုင်းခဲ့ခြင်းဟုဆို

ဦးဝီရသူက တပ်မတော်ကို ဘုရားလိုကိုးကွယ်ခိုင်းခြင်းမဟုတ်ဘဲ ဥပမာပေးခိုင်းနှိုင်းခဲ့ခြင်းဟုဆို
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မေလ ၃၀  ။         ။ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ၏ ဟောပြောမှုတွင် "တပ်မတော်လွှတ်တော်ကိုယ်စားလှယ်များကို ဘုရား လိုကိုးကွယ်"ဟု ဟောပြောခဲ့ခြင်းမှာ ဘုရားလိုကိုးကွယ်ခိုင်းခြင်းမဟုတ်ဘဲ ကိုယ်ကျိုးစွန့်လုပ်ဆောင်နေသူများ ဖြစ်သည့်အတွက် ဘုရားကဲ့သို့ ကိုးကွယ်သင့်သည်ဟု ဥပမာပေး ခိုင်းနှုန်းဟောပြောခဲ့ခြင်းသာဖြစ်ကြောင်း ဦးဝီရသူအား ဝန်းရံသည့် မျိုးချစ်သမဂ္ဂ(ရန်ကုန်)မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အရှင်တေဇဝံသက မိန့်သည်။

မေလ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတွင် ဦးဝီရသူအား ဝန်းရံသည့် သံဃာများနှင့် လူများက အောင်မြေနင်းပြီး ဦးဝီရသူအား ဆုတောင်းမေတ္တာပို့သခဲ့ပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို အရှင်တေဇဝံသက မိန့်ခဲ့ခြင်းဖြစ်သည်။

" လောကကြီးမှာရှိပါတယ်။ ရပ်ရွာတွေမှာ၊ ကျေးရွာတွေမှာ၊ ရပ်ကွက်တွေမှာ ရပ်ကွက်အကျိုးသယ်ဆောင်တဲ့ ပုဂ္ဂိုလ်တွေ၊ ကျေးရွာအကျိုးသယ်ဆောင်တဲ့ပုဂ္ဂိုလ်တွေကို မင်းတို့ ဘုရားလို ကိုးကွယ်သင့်တယ်ကွာလို့ လူကြီး မိဘတွေက ဥပမာပေးပြီးတော့ လူငယ်တွေကို ပြောလေ့ရှိပါတယ်။ ဒါက ဆရာတော် ဦးဝီရသူ ပြောသွားတာ ကလည်း တပ်မတော်ထဲမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက တပ်မတော်လစာကိုပဲ ယူထား တယ်။ သူတို့ လွှတ်တော်အမတ် လစာယူထားတာမဟုတ်ဘူး။ ဒါပေမယ့်လို့ တိုင်းပြည်အတွက်၊ တိုင်းပြည် လုံခြုံရေးအတွက် သူတို့မှာ လွှတ်တော်ထဲမှာ ထိုင်နေရတယ်။ တိုင်းပြည်အတွက် အလုပ်တွေ လုပ်နေရတဲ့ အတွက်ကြောင့်မို့လို့ ဘုရားလို ကိုးကွယ်သင့်တယ်လို့ ဥပမာလေးနဲ့ ခိုင်းနှိုင်းတာဖြစ်ပါတယ်။ ဘုရားကို ကိုးကွယ်သလို ကိုးကွယ်ခိုင်းတာမဟုတ်ပါဘူး"ဟု အရှင်တေဇဝံသက ရှင်းလင်းမိန့်ကြားခဲ့သည်။

ထိုသို့ ဟောပြောချက်ကို ဦးဝီရသူက ပြီးခဲ့သည့် မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်းခြံတွင် ပြုလုပ်ခဲ့သည့်  ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ- ၂၆၁ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော် ပွဲတွင် ဟောပြောခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဟောပြောချက်ကြောင့် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

အဆိုပါ ဟောပြောချက်မှာ " ဒီကနေ့ စစ်သားတွေဟာ လွှတ်တော်ထဲ ဝင်ထိုင်နေရတာက အမုန်းခံပြီး ဝင်ထိုင်နေရတာ။ လစာက လွှတ်တော်ကိုယ်စားလှယ်လစာရတာမဟုတ်ဘူး။ စစ်သား လစာရတာ။ စစ်သားလစာ စားပြီး တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်၊ အမုန်းခံပြီး ကာကွယ်စောင့်ရှောက်နေတဲ့ စစ်သားတွေကို ခင်ဗျားတို့က ဘုရားလိုတောင်ကိုးကွယ်ရမယ်။ အခုက ရန်သူလို မုန်းတီးနေကြတယ်"ဟု ဖြစ်သည်။

အဆိုပါ ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ- ၂၆၁ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ဟောပြောခဲ့ မှုများနှင့် ပတ်သက်၍လည်း နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ဦးဝီရသူကို ခေါ်ယူ သြဝါဒပေးရန် ညွှန်ကြား ထားခဲ့ပြီး  သြဝါဒပေးရန် ဦးဝီရသူအား မေလ ၃၀ ရက်နေ့၊ မွန်းလွဲ  ၂ နာရီကို ခေါ်ယူထားသော်လည်း တိုင်း ဒေသကြီးသံဃာနာယကအဖွဲ့မှ အခြေအနေအရဟုဆိုကာ ဆိုင်းငံ့ထားသည်။

ထို့အပြင် မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ ခရိုင်ဒုတိယအုပ် ချုပ်ရေးမှူးဖြစ်သူက တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၂၄(က)ဖြင့် တရားစွဲထားပြီး လက်ရှိတွင် ဖမ်းဝရမ်းထုတ်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly