လမ်းဦးစီးနာမည် အသုံးပြု၍ သစ်ပင်ခုတ်မှုများရှိပါက တရားစွဲမည်ဟု လမ်းပန်းဝန်ကြီးပြော

လမ်းဦးစီးနာမည် အသုံးပြု၍ သစ်ပင်ခုတ်မှုများရှိပါက တရားစွဲမည်ဟု လမ်းပန်းဝန်ကြီးပြော
မေလ ၂၉ ရက်နေ့တွင် Save Monywa သစ်ပင်ချစ်သူများအဖွဲ့မှ သစ်ပင်မခုတ်ရန် ကန်ပိန်းပြုလုပ်နေစဉ်။

မေ ၃၀ ။         ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းဦးစီးနာမည် အသုံးပြု၍ သစ်ပင်ခုတ်မှုများ ရှိပါက တရားစွဲဆိုမှုများ ပြုလုပ် သွားမည်ဟု တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွှန့်ဝင်းမှ မဇ္ဈိမသို့ ပြောသည်။

ယခုလ ၁၆ ရက်နေ့၌ မုံရွာမြို့ ကျောက္ကာလမ်းမပေါ်ရှိ နှစ်ပေါင်းတစ်ရာနီးပါးရှိသော သစ်ပင် ၅ ပင်အား မည်သည့်ဌာနမှ ခုတ်သည်ဆိုတာကို အငြင်းပွားနေခြင်း ဖြစ်သည်။

" လမ်းဦးစီးက ခုတ်တယ်ဆိုရင် ညွှန်ကြားထားတဲ့ စာရှိရမယ်။ ဝန်ကြီးဌာနကလဲစာမထုတ်ဘူး။ လမ်းဦးစီးကလဲ စာထုတ်မထားဘူး။ နှုတ်နဲ့လဲ ညွှန်ကြားထားတာမရှိဘူး။ အဲ့ဒီ သစ်ပင် ၅ပင် ကိစ္စ ခုတ်ဖို့ အစည်းအဝေး ခေါ်တုန်းက ကျွန်တော့်ကိုလဲ မဖိတ်ဘူး။ တက်လည်းမတက်ခဲ့ဘူး။ စည်ပင်က သူ့ဘာသာသူ အစည်းအဝေး ထိုင်ပြီး ခုတ်ဖို့ဆုံးဖြတ်ခဲ့တာ။ ဝန်ကြီးချုပ်နဲ့ စည်ပင်နဲ့ခုတ်တာ ဝန်ကြီးချုပ်ကလဲ အဲ့ဒီနေရာက ခဏခဏ ဆိုင်ကယ် အက်စီးဒင့်တွေ ဖြစ်လို့ တင်ပြတဲ့အတွက် စည်ပင်ကို ခုတ်ခိုင်းတာ ဝန်ကြီးဌာနက ညွှန်ကြားချက် မရှိဘဲလမ်းဦးစီးကို ညွှန်ကြားရင် တရားစွဲမယ်" ဟု  ဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောသည်။

အဆိုပါ သစ်ပင် ၅ပင် ရှိသည့်နေရာသည်  မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်သောကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တင်ပြလာသဖြင့် ခရိုင်စီခန့်မှ ခရိုင်လမ်းဦးစီးထံသို့  ပြန်လည်ညွှန်ကြားခဲ့ကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့တွင် Save Monywa သစ်ပင်ချစ်သူများအဖွဲ့မှ သစ်ပင်မခုတ်ရန် ကန်ပိန်းပြုလုပ်နေစဉ်။

“ဒီအပင် ၅ ပင်ကို ခုတ်တာတော့ လမ်းဦးစီးက ခုတ်တာပါ။ ဘာကြောင့်လဲဆိုတော့ ဒီကျောက္ကာလမ်းမကြီးက လမ်းဦးစီးပိုင်တဲ့လမ်းဖြစ်တဲ့အတွက် စည်ပင်ကလဲ တာဝန်ယူပြီး မခုတ်ချင်ဘူး။ အဲ့အတွက် လမ်းဦးစီးကပဲ ခုတ်ပေးရတယ်။ အဲ့ဒါကလဲ မြို့နယ်စီခန့်ရယ်၊ စည်ပင်ရယ်၊ လမ်းဦးစီးရယ်တခြားဌာနာတွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ခုတ်ရတာပါ” ဟု လမ်းဦးဌာနမှ ဝန်ထမ်းတစ်ဦးက မဇ္စျိမသို့ ရှင်းလင်းပြောပြသည်။

ကျောက္ကာလမ်းမပေါ်တွင် နောက်ထပ်သစ်ပင်များ ခုတ်ရန် ရှိနေသော်လည်း ကန့်ကွက်မှုများရှိနေသဖြင့် လတ်တလောတွင် ရပ်နားထားရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly