ရွေးကောက်ပွဲတုန်းက ရုရှားတို့ ကြားဝင်စွက်ဖက်နိုင်အောင် facebook က လိုလိုလားလား ခွင့်ပြုပေးခဲ့ဟု နန်စီ ပလိုစီ ပြစ်တင်

ရွေးကောက်ပွဲတုန်းက ရုရှားတို့ ကြားဝင်စွက်ဖက်နိုင်အောင် facebook က လိုလိုလားလား ခွင့်ပြုပေးခဲ့ဟု နန်စီ ပလိုစီ ပြစ်တင်
Photo- EPA

မေ ၃၀ ။              ။ သူမနဲ့ပတ်သက်ပြီး မမှန်မကန် ပြုပြင်ဖန်တီးထားတဲ့ ဗီဒီယိုတစ်ခုကို ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားပေးဖို့ ငြင်းဆန်ခဲ့တဲ့ Facebook ကို  အမေရိကန် အောက်လွှတ်တော် ဥက္က႒ နန်စီ ပလိုစီက အပြင်းအထန် ပြစ်တင်သွားခဲ့ပါတယ်။

“ ကျွန်မ ထင်ပါတယ်၊ သူတို့ (facebook) ဟာ မှားနေတယ်လို့ သူတို့ကိုယ်တိုင် သိနေတဲ့အရာတစ်ခုကို ဖြုတ်ချခဲ့တာမျိုး မလုပ်ပုံထောက်ရင် သူတို့ဟာ ကျွန်မတို့ ရွေးကောက်ပွဲတုန်းက ရုရှား ကြားဝင်စွက်ဖက်မှုကို လိုလိုလားလားနဲ့ ခွင့်ပြုပေးခဲ့တယ်ဆိုတာ ကောင်းကောင်းကြီး သက်သေပြလိုက်သလိုပါပဲ” လို့ ပလိုစီက ပြောပါတယ်။

“ ကျွန်မတို့ အရင်ကတည်းက ပြောခဲ့ကြပါတယ်၊ facebook ဟာ ရုရှားရဲ့ အသုံးချမှုကို မလိမ့်တပတ်နဲ့ ခံလိုက်ရပြီ ဆိုတာလေ၊ ခုဆိုရင်လည်း သူတို့ဟာ ဒါ မမှန်ကန်ဘူးလို့ သိတဲ့ အရာတစ်ခုကိုတော့ သူတို့ ဒီတိုင်း ကြည့်နေခဲ့တယ်လေ၊ ဒါ မှားတယ်လို့ ကျွန်မထင်ပါတယ်၊ Facebook က ပြည်သူတွေကို လိမ်နေတာပါ” လို့ ပလိုစီက ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က Facebook ပေါ် ရောက်လာခဲ့တဲ့ ပြုပြင်ဖန်တီးထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ နန်စီ ပလိုစီရဲ့ စကားပြောဆိုပုံကို အရှိန်နှေးသွားအောင် တမင်လုပ်ထားပြီး ဗလုံးဗထွေးနဲ့ သူမ အရက်မူးနေတဲ့အတိုင်းဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲဲ့ သမ္မတ ရွေးကောက်ပွဲအတွင်း သတင်းမှား ဖြန့်မှုကို သိလျက်နဲ့ Facebook က ခွင့်ပြုပေးခဲ့ကြောင်း ထုတ်ဖော်စွပ်စွဲလိုက်သူတွေထဲမှာ ယခု မစ္စ ပလိုစီက သြဇာအကြီးဆုံး နိုင်ငံရေးသမားလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly