တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး တရုတ်သမ္မတ ကတိဖောက်ဖျက်ခဲ့ဟု အမေရိကန် စွပ်စွဲ

တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး တရုတ်သမ္မတ ကတိဖောက်ဖျက်ခဲ့ဟု အမေရိကန် စွပ်စွဲ
Joint Chiefs of Staff Chairman General Joseph Dunford (C) says "collective action" is needed to counter China's militarization of the South China Sea AFP/File

မေ ၃၀ ။                   ။ တောင်တရုတ်ပင်လယ်မှာ စစ်ရေးတည်ဆောက်မှုတွေ မလုပ်ပါဘူးဆိုပြီး ပေးထားတဲ့ ကတိကဝတ်တွေကို တရုတ်သမ္မတ ရှီကျင့်ဖျင်ဘက်က ဖောက်ဖျက်ခဲ့ကြောင်း အမေရိကန်စစ်တပ် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက မေလ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း ပေကျင်းအစိုးရအပေါ် တာဝန်ယူခံခိုင်းဖို့အတွက် စုပေါင်းဝိုင်းဝန်း အရေးယူကြဖို့ကိုလည်း ၎င်းက တောင်းဆိုသွားပါတယ်။

ပင်တဂွန် စစ်ဦးစီးချုပ်ရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဒန်ဖို့ဒ် က ပြောကြားရာမှာ ၎င်းအနေနဲ့ ခုချိန်မှာ တရုတ်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းနေခြင်းမဟုတ်ကြောင်း၊ သို့ပေမယ့်လည်း နိုင်ငံတကာ ဥပဒေတွေ အာဏာတည်ဖို့ လိုအပ်တယ်ဆိုတာကို အလေးပေး ပြောလိုခြင်း ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

“ ၂၀၁၆ တုန်းက သမ္မတ ရှီကျင့်ဖျင်က သမ္မတအိုဘားမားကို ကတိပေးခဲ့တာ ရှိပါတယ်၊ သူတို့  တရုတ်စစ်တပ် အနေနဲ့ ဒီတောင်တရုတ်ပင်လယ်က ကျွန်းတွေပေါ်မှာ စစ်ရေးတည်ဆောက်မှုတွေ မလုပ်ပါဘူးလို့ ကတိပေးခဲ့ပါတယ်၊ ခုတော့ ခုချိန်မှာ ကျွန်တော်တို့ ဘာတွေမြင်နေရလဲ ဆိုတော့ ပေ ၁၀,၀၀၀ လေယာဉ်ပြေးလမ်းတွေ၊  လက်နက်ခဲယမ်း သိုလှောင်ရုံတွေ၊ ဒုံးကျည်ကာကွယ်ရေး လုပ်နိုင်စွမ်းတွေ ပုံမှန်လိုလို လုပ်ဆောင်မှုတွေ၊ လေကြောင်းဆိုင်ရာ လုပ်နိုင်စွမ်းတွေ စတာတွေပဲဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး ဒန်ဖို့ဒ်က အမေရိကန် လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

“ ဒီတော့ သူတို့ဟာ ပေးထားတဲ့ ကတိကဝတ်တွေကနေ ဖယ်ခွာ လျှောက်လှမ်းနေတယ် ဆိုတာ ရှင်းနေတာပဲလေ” လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

“ ခုချိန်မှာတော့ တောင်တရုတ် ပင်လယ်ဟာ ကျောက်တုံး ကျောက်ဆောင် အစုအဖွဲ့တစ်ခု မဟုတ်တော့ပါဘူး” လို့လည်း ဗိုလ်ချုပ်ကြီး ဒန်ဖို့ဒ်က မြောက်မြားစွာသော ကျောက်တန်း၊ ကျောက်စွန်းများကို ရည်ညွန်းပြောသွားပါတယ်။ ယင်း တောင်တရုတ်ပင်လယ်တွင်းက ကျောက်တန်း၊ ကျောက်စွန်းတွေကိုတော့ တရုတ်က ယင်းတို့ပိုင်ဆိုင်တဲ့ နယ်နမိတ်ဆိုပြီး ပြောဆိုထားပြီး  စစ်အင်အား ချထားမှုတွေ တိုးချဲ့လုပ်ဆောင်နေလျက် ရှိပါတယ်။

" တောင်တရုတ်ပင်လယ်တွင်းမှာရော ၊ နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုမှုတွေ ရှိနေတဲ့ အခြားနေရာတွေမှာ ခုချိန်မှာ ခြိမ်းခြောက်ခံနေရတဲ့ အရာကတော့ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဥပဒေတွေ၊ စံနှုန်း၊ သတ်မှတ်ချက်တွေ ဖြစ်ပါတယ်” လို့လည်း ဗိုလ်ချုပ်ကြီးက ပြောပါတယ်။
“ ဒီတော့ နိုင်ငံတကာ ဥပဒေတွေ၊ စံနှုန်းတွေအပေါ် လေးစားလိုက်နာခြင်းမရှိတဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ ဒီတိုင်း လျစ်လျူရှုထားချိန်မှာပဲ ကျွန်တော်တို့ဟာ စံနှုန်းသစ်ကို ချမှတ်ခဲ့ရပါတယ်” လို့ ၎င်းက ပြောပါတယ်။
“ ကျွန်တော် ခုလို ပြောနေတာ စစ်ရေးအရ တုန့်ပြန်ဖို့ ပြောနေတာလည်း မဟုတ်ပါဘူး”  လို့လည်း ၎င်းက ပြောသွားပါတယ်။
တကယ်တမ်းဖြစ်သင့်တာက နိုင်ငံတကာ ဥပဒေ စံနှုန်းတွေကို ချိုးဖောက်နေသူတွေကို စုစည်းညီညွတ်စွာ အရေးယူသွားဖို့ ဖြစ်ကြောင်းလည်း ၎င်းက ပြောသွားပါတယ်။

တောင်တရုတ်ပင်လယ်တွင်းမှာ တရုတ်တို့ရဲ့ စစ်ရေးဆိုင်ရာ  နယ်ချဲ့မှုကို ရပ်ဆိုင်းသွားစေခြင်း မရှိသည့်အပေါ် ၀ါရှင်တန်ဘက်ကလည်း အားမလိုအားမရဖြစ်နေလျက် ရှိပါတယ်။
ယင်း တောင်တရုတ်ပင်လယ်တွင်းမှာပဲ အခြား နိုင်ငံငါးခုဖြစ်တဲ့ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ရဲ့ နယ်မြေ ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုတွေကိုလည်း တရုတ်ဘက်က ပယ်ချထားလျက် ရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly