ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် မက်ဒရစ်မှာ ရဲအင်အား (၄,၇၀၀) နဲ့ ဒရုန်းတစ်ခု ဖြန့်ကျက်ပြီး အရက်ရောင်းချမှုကိုလည်း ကန့်သတ်မည်

ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် မက်ဒရစ်မှာ ရဲအင်အား (၄,၇၀၀) နဲ့ ဒရုန်းတစ်ခု ဖြန့်ကျက်ပြီး အရက်ရောင်းချမှုကိုလည်း ကန့်သတ်မည်
Photo: EPA

လီဗာပူးလ်နဲ့ စပါးအသင်းတို့ကြား အင်္ဂလန်ကလပ်အသင်းတွေ အချင်းချင်းတွေ့ဆုံတဲ့ မက်ဒရစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပရိသတ် (၇၀,၀၀၀)အထိ လာရောက်မှာမို့ ရဲအင်အား (၄,၇၀၀) နဲ့ ဒရုန်းတစ်ခု ဖြန့်ကျက်ထားမယ့် အစီအစဉ်ကို စပိန်အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။

မက်ဒရစ်မြို့က အစိုးရအရာရှိတွေအရ မြို့အာဏာပိုင်တွေဟာ ပရိသတ်ဇုန်တွေအဖြစ် သတ်မှတ်နေရာတွေမှာ အရက်ရောင်းချမှုကိုလည်း ညနေ (၅)နာရီထက် နောက်မကျပဲ ရောင်းရချခွင့် ကန့်သတ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါကတော့ ညနေပိုင်းမှာ အက်သလက်တီကိုရဲ့ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းကို သွားရာလမ်းမှာ လူအုပ်ထဲ လက်မှတ်ကိုင်ဆောင်ထားသူတွေ အရက်မူးပြီး အားပေးမှုတွေက ရှောင်ရှားနိုင်ဖို့ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့တွေဟာ ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ အက်သလက်ကွင်းဝန်းကျင်က လူအုပ်တွေကို စောင့်ကြည့်နိုင်ဖို့ ဒရုန်းတစ်ခုကို ရရှိပါလိမ့်မယ်။

ဗိုလ်လုပွဲနေ့တစ်လျှောက် မက်ဒရစ်မြို့ထဲက ဗဟိုရင်ပြင်နှစ်ခုဖြစ်တဲ့ Puerta del Sol နဲ့ Plaza Mayor တို့မှာ ပရိသတ်တွေအတွက် ဖျော်ဖြေရေးတွေနဲ့ ဘောလုံးအားကစားဆိုင်ရာ လှုပ်ရှားမှုတွေအပါအဝင် ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

စပါးပရိသတ်တွေကို မြို့ရဲ့ Plaza de Colon မှာ Fan Zone တစ်ခု ပေးထားပြီး လီဗာပူးလ်အားပေးသူကိုလည်း Plaza Felipe II အနီးမှာ စုဝေးနိုင်အောင် Fan Zone တစ်ခု ထားရှိပေးမှာဖြစ်ပါတယ်။

အဆိုပါဗိုလ်လုပွဲက စပိန်ရဲ့ မြို့တော်မှာ ယူရို (၁၂၃)သန်း (ဒေါ်လာ ၁၃၇ သန်း) အထိ စီးပွားရေးအကျိုးသက်ရောက်မှုတစ်ရပ်ကို ဖြစ်စေနိုင်ဖွယ်ရှိပြီး မြို့ကိုယ်၌ကလည်း အနည်းဆုံး ယူရို (၆၆)သန်း ကျန်ရှိဖွယ်ရှိနေပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly