မြိတ်ရှိအမြန်ရေယာဉ်များကို အခေါက်ရေတိုးမြှင့်ပြီး ခရီးသွားအာမခံကြေး ထည့်ကောက်ရန် စီစဉ်နေ

မြိတ်ရှိအမြန်ရေယာဉ်များကို အခေါက်ရေတိုးမြှင့်ပြီး ခရီးသွားအာမခံကြေး ထည့်ကောက်ရန် စီစဉ်နေ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ မေ (၃၀) ။           ။ မြိတ်နှင့် ကျွန်းစုသို့နေ့စဉ် ပြေးဆွဲ ပေးနေသည့် အမြန်ရေယာဉ်များ အားလုံးကို ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ခရီးစဉ်အခေါက်ရေများ တိုးချဲ့ပြေးဆွဲပေးရန်နှင့် ခရီးသွားအာမခံကြေးကိုပါ ထည့်သွင်းကောက်ခံသွားရန် စီစဉ် နေကြောင်း အမြန်ရေယာဉ်ပြေးဆွဲနေသူများထံမှ သိရသည်။

မြိတ်ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်အနက် ကျွန်းစု မြို့နယ်သည် ရေကြောင်းခရီးကို အားထားကာ သွားလာနေရသည့် မြို့တစ်မြို့ဖြစ်ပြီး နေ့စဉ် အစိုးရ ဝန်ထမ်းများ၊ ကုမ္ပဏီရုံးဝန်ထမ်းများနှင့် ဒေသခံများမှာ ရေယာဉ်များဖြင့်သာ ကူးလူးဆက်သွယ် သွားလာနေရသည့် မြို့ ဖြစ်သည်။

ယင်းမြို့ရှိ အမြန်ရေယာဉ်များသည် ယခင်က မနက်၊ နေ့လယ််နှင့် မွန်းတည်ပိုင်းအထိ ခရီးစဉ်များကို တစ်နေ့ ၃ ခေါက် ပြေးဆွဲပေးနေခဲ့ပြီး ခရီးသွားပြည်သူများ များပြားလာသောကြောင့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အခေါက်ရေ ထပ်မံတိုးချဲ့ပြီး ၄ ခေါက်အထိ ပြေးဆွဲပေးရန် စီစဉ်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ဌာနဆိုင်ရာ အားလုံးနှင့် လုပ်ငန်းရှင်တွေရဲ့ သဘောတူညီချက်အရ ခရီးစဉ်အခေါက်ရေ တိုး ပြေးဆွဲခြင်းနှင့် အာမခံကြေးကို ထည့်သွင်း ကောက်ခံဖို့ ဆုံးဖြတ်ခဲ့တယ်”ဟု မြန်မာဆိပ်ကမ်း အာဏာပိုင်းရုံးမှ ဒုကြီးကြပ်ရေးမှူး ဦးအောင်ဝင်းကြူက ပြောသည်။

အဆိုပါ အမြန်ရေယာဉ်များမှာ ရွှေပင်ကွင်း၊ ဂန္ဒမာနှင့် ကြိုင်တိုင်အောင် ၃ စီးသည် မြိတ်နှင့် ကျွန်းစုသို့ နေ့စဉ် အသွား/ ပြန် အလှည့်ကျစနစ်ဖြင့် တစ်စီးလျှင် ၃ ခေါက်ဖြင့် ပြေးဆွဲ ပေးနေကြောင်း ခရီးသည်အရေအတွက် များပြားလာပြီး ရေယာဉ်ပေါ်၌ စီးနင်းလိုက်ပါသည့် ခရီးသည် တချို့မှာ အမိုးပေါ်တွင် စီးနင်း လိုက်ပါမှုကြောင့် ရေယာဉ်မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားနိုင်သဖြင့် ယင်းသို့ စီစဉ်ရခြင်း ဖြစ်ကြောင်း မြန်မာဆိပ်ကမ်း အာဏာပိုင်ရုံးမှ သိရသည်။

“အမြန်ရေယာဉ် ခရီးသွား အာမခံကြေးက ကျွန်တော်တို့ အခုမှ စကောက်မှာ ဖြတ်ပါတယ်။ ယခင်ကတော့ ကောက်လေ့မရှိပါဘူး။ ဒါကလည်း ရေကြောင်းခရီး အနေနဲ့ သွားလာနေရတာဖြစ်လို့ အန္တရာယ်ဆိုတာ မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ အလာတူ ဖြစ်စဉ်မျိုးက အထက်မြန်မာပြည်နေရာ တချို့မှာ ဖြစ်ပွားတဲ့ ဖြစ်စဉ် ရှိနေတယ်”လို့ မြန်မာ့အာမခံလုပ်ငန်းရုံးမှ ခရိုင်တာဝန်ခံ ဦးနိုင်မျိုးဇော်က ပြောသည်။

အမြန်ရေယာဉ်ခရီးစဉ်များကို အခေါက်ရေအား တိုးမြှင့်ပြေး ဆွဲခြင်းနှင့် ခရီးသွား အာမခံကြေးကို ထည့်သွင်း ကောက်ခံမည်ဆိုပါက  ယခင်ကထက် စီးနင်းသည့် ခရီးသည် ဦးရေ လျှော့နည်းသွားနိုင်ပြီး တွက်ခြေမကိုက် မည်ကို စိုးရိမ်မှုများရှိနေကြောင်း အမြန်ရေယာဉ် ပြေးဆွဲသူ လုပ်ငန်းရှင်များက ပြောဆိုသည်။

လက်ရှိတွင် အမြန်ရေယာဉ်စီးနင်းခအဖြစ် ခရီးသည်တစ်ဦးလျှင် ကျပ် ၁၅၀၀ နှုန်းကောက်ခံနေပြီး ခရီးသွား အာမခံကြေးပါ ထပ်ပေါင်း ကောက်ခံပါက ခရီးသည်တစ်ဦးလျှင် စီးနင်းခ ငွေကျပ် ၁၆၀၀ ကျသင့်မည်ဟု သိရသည်။ ခရီးသွား အာမခံကြေး ၁၀၀ ကျပ် ပေးသွင်း ထားပါက ရေယာဉ် မတော်တဆ တိမ်းမှောက်မှု ဖြစ်လျှင် သေဆုံးသူတစ်ဦးအတွက် ကျပ်သိန်း၂၀ နှင့် ရေယာဉ် အာမခံကြေး ကျပ် ၁၀ သိန်း ၊ စုစုပေါင်း ကျပ် ၃၀ သိန်း ရရှိမှာ ဖြစ်ပြီး၊ ကိုယ်အင်္ဂါထိခိုက်မှုဖြစ်ပွားပါက ၅ % မှ ၁၀၀% အထိ ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်တွင် ကျေးရွာအုပ်စု ၂ဝနှင့် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်ရှိပြီး၊ စုစုပေါင်း ကျေးရွာပေါင်း ၁၆၂ ရွာခန့်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly