ရိတ်သိမ်းမှုပုံစံပြောင်းလာခြင်းနှင့် အခြောက်ခံစက် အခက်အခဲများကြောင့် နွေစပါးစျေးနှုန်းများ ထိုးကျ

ရိတ်သိမ်းမှုပုံစံပြောင်းလာခြင်းနှင့် အခြောက်ခံစက် အခက်အခဲများကြောင့် နွေစပါးစျေးနှုန်းများ ထိုးကျ
Photo- EPA

ရန်ကုန်၊ မေ ၃၀ ။          ။ နွေစပါးပေါ်ချိန်တွင် စပါးစျေးကျဆင်းနေခြင်းနှင့် တောင်သူများအခက်အခဲဖြစ်နေခြင်းမှာ စိုက်ပျိုးရိတ်သိမ်းမှု ပုံစံပြောင်းလာခြင်းနှင့် အခြောက်ခံစက် အခက်အခဲများကြောင့် ဖြစ်လာရသည်ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောဆို လိုက်သည်။

မြန်မာနိုင်ငံတွင် လုပ်သားရှားပါးလာခြင်းပြဿနာများကြောင့် တောင်သူများအနေဖြင့် စက်ကိရိယာများကို အားထားလာပြီး စပါးပေါ်ချိန်တွင်  ရိတ်သိမ်းခြွေလှေ့စက်များအသုံးပြုလာသောကြောင့် အစိုဓာတ် (ရေငွေ့) ပါဝင်မှုနူန်းမှာ ၂၃ မှ ၂၅ ရာခိုင်နှုန်းအထိဖြစ်လာကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါအခက်အခဲများကြောင့် အခြေခံစပါးစျေးကျပ်ငါးသိန်းအောက်လျော့ကျ၍ အစိုဓာတ်ပါဝင်မှုများသည့် စပါးများသည် တင်းတစ်ရာလျှင် ငွေကျပ် ၄၄၀၀၀၀၊ ၄၆၀၀၀၀ ခန့်သာ စျေးပေါက်နေကြောင်းသိရသည်။

“ ဆန်ကကြိတ်လို့ရတဲ့။ စားလို့ရတဲ့။ ရောင်းလို့တဲ့အခြေအနေက ၁၄ ရာခိုင်နှုန်းမှရောင်းလို့ရတယ်။ ၂၃၊ ၂၄ ဆိုရင် ၂ရက်၊ ၃ ရက် တောင်ထားလို့မရဘူး။ ထားရင် စပါးကအထဲမှာ ပူလာတယ်။ အဆန်ချောင်ဖြစ်လာတယ်။ အဝါပေါက်လာတယ်။ ဆန်အရည်အသွေး ကျလာတယ်။ ပြီးတဲ့အခါမှာ အကျိုးအကျေများတယ်။ စကွဲဖြစ် တယ်”  ဟု ဦးအောင်သန်းဦးကပြောသည်။

အဆိုပါစပါးများကို အခြောက်ခံရန်လိုအပ်လာပြီး အခြောက်ခံစက်တစ်လုံး၏ တန်ဖိုးမှာလည်း ငွေကျပ် သိန်းခြောက်ရာခန့်မှ သိန်းထောင်ဂဏန်းအထိရှိကြောင်းလည်း သိရသည်။

ထို့အပြင် စပါးအခြောက်ခံစက်များကို ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်အချို့မှာလည်း လျှပ်စစ်မီး အခက်အခဲ ကြောင့် စက်များကို လည်ပတ်ရန်အခက်တွေ့နေရပြီး လက်ရှိဆန်စပါး စျေးကွက် အပေါ် ကြီးမားစွာ သက်ရောက်မှုရှိနေကြောင်း အသင်းချုပ်မှသိရသည်။

“ အထူးသဖြင့်ပိုဆိုးတာက မီးပြတ်တယ်။ ရန်ကုန်မှာတောင်ဒီလောက်ပြတ်တယ်။ တချို့နယ်တွေမှာ တစ်နေကုန်မှ ၂နာရီ ၃ နာရီပဲလာတယ်။ မီးမလာတဲ့အတွက် လာတဲ့စပါးအစိုတွေကို အခြောက်ခံစက်နဲ့ အခြောက်မခံနိုင်ဘူး” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးကပြောသည်။

စပါး တင်း ၅၀၀၊ ၆၀၀ ခန့်အထိဆန့်သည့်အခြောက်ခံစက်တစ်လုံး လည်ပတ်ရန်မှာ အချိန် ၈ နာရီခန့်အထိ အချိန် ယူရကြောင်းလည်း ၎င်းက ဆိုသည်။

ဆန်စပါးအသင်းချုပ်အနေဖြင့် ပဲခူးတိုင်းအတွင်းရှိ ဒိုက်ဦးနှင့် အုတ်တွင်းမြို့နယ်တို့တွင် တင်းတစ်ရာလျှင် ၄၄၀၀၀၀ ကျပ်ဖြင့် သွားရောက်ဝယ်ယူ ပေးရသည့် စပါးမှာလည်း တင်းပေါင်း ၁၄၀၀၀၀ ခန့်ရှိပြီဟုလည်း သိရသည်။

ထို့ကြောင့်အစိုးရအနေဖြင့် စပါးအခြောက်ခံစက်များကို လာမည့်မိုးစပါးမတိုင်မီ ကူညီဖြေရှင်းပေးရန် လိုအပ်လျှက်ရှိကြောင်း ဆန်စပါးအသင်းချုပ်မှသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required