ချယ်လ်ဆီး (၄-၁) အာဆင်နယ်၊ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး နှစ်ဖက်အသင်း နည်းပြတွေ ဘာတွေ ပြောသွားခဲ့သလဲ

ချယ်လ်ဆီး (၄-၁) အာဆင်နယ်၊ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး နှစ်ဖက်အသင်း နည်းပြတွေ ဘာတွေ ပြောသွားခဲ့သလဲ
Photos: EPA

"ကျနော်တို့ အနိုင်နဲ့ ထိုက်တန်ခဲ့တယ်။" - ဆာရီ

ချယ်လ်ဆီးနည်းပြ ဆာရီက နည်းပြဘဝ သူ့ရဲ့ ပထမဆုံးအဓိကဖလားကို ရယူနိုင်ခဲ့ပေမယ့်လည်း ပုဂ္ဂိုလ်ရေးအရထက် ဘာကူမှာ အာဆင်နယ်အသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်တာဟာ ပိုပြီး အရေးကြီးခဲ့တယ်လို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။

"ကျနော်တော် တကယ်ပဲ အလွန်ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ဆုဖလားဟာ ကလပ်အသင်းအတွက် အရမ်းအရေးကြီးပါတယ်။ ကစားသမားနဲ့ နည်းပြရဲ့ နာမည်က အနည်းငယ်သာ အရေးပါပါတယ်။"လို့ ဆာရီက လန်ဒန်ပြိုင်ဘက်အသင်းကို (၄-၁)ဂိုးနဲ့ ဂိုးပြတ် အနိုင်ပြီးနောက် ပြောပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီပရီးမီးယားလိဂ်မှာ အဆင့် (၃)နေရာ ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။။ ဒါပေမယ့်လည်း ဆာရီဟာ ဂျူဗင်တပ်စ်နှင့် အချိန်အဆက်ရှိနေပြီး ယခုနွေရာသီမှာ အီတလီသို့ တကျော့ပြန်ရောက်ရှိဖွယ်ရှိပါတယ်။

"ဟုတ်ပါတယ်။ တကယ်တမ်းက ဆုဖလားဆိုတာ အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့တွေ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ ကျနော်တို့ ပြန်လည်တုံ့ပြန်နိုင်ခဲ့လို့ပါ။

"ပရီးမီးယားလိဂ်မှာက လုပ်ဆောင်ရတာ မလွယ်ပါဘူး။ ဒီလိဂ်ရဲ့ အဆင့်အတန်းဟာ တကယ်ပဲ အရမ်းမြင့်မားနေလို့ပါ။

"နောက်ဆုံးမှာတော့ ကျနော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တယ်။ လိဂ်ဖလားဗိုလ်လုပွဲကိုလည်း ကစားခဲ့ပြီး မန်စီးတီးကို ပင်နယ်တီမှာ အရှုံးပေးခဲ့ရတယ်။ ကျနော်တို့ ယူရိုပါလိဂ်မှာ (၁၅)ပွဲကစားခဲ့ပြီး (၁၂)ပွဲနိုင်၊ (၃)ပွဲသရေလဒ်နဲ့ ရှုံးပွဲမရှိခဲ့ပါဘူး။ ဒါကြောင့် ကျနော်တို့ ဒီဆုဖလားကို ရယူနိုင်ဖို့ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်။"

အဇာဘိုင်ဂျန်မှာ ဂျရူးနဲ့ ပတ်ဒရိုတို့က တစ်ဂိုးစီသွင်းယူခဲ့အပြီး ဟာဇက်ကလည်း ပင်နယ်တီတစ်ဂိုးအပါအဝင် (၂)ဂိုး သွင်းယူခဲ့တာကြောင့် အပြာရောင်ခြင်္သေ့တွေဟာ ပွဲကို ထိန်းချုပ်သွားခဲ့ပါတယ်။

ဆာရီက "ဒါဟာ ကျနော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် ကျနော့်ကစားသမားတွေအတွက် တကယ်ပဲ အရမ်းပျော်မိပါတယ်။"လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို (၃)နှစ်ဆက်တိုက် လွဲချော်ခဲ့ရပြီး နည်းပြ အူနိုင်းအမ်မရီအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

"ကျနော်တို့ရဲ့ ပထမပစ်မှတ်ကို ရယူဖို့ဆိုတာ ခက်ခဲလာမယ်လို့ ကျနော်တို့ သိရှိထားပါတယ်။"လို့ အမ်မရီက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကို ရည်ညွှန်းပြီး ပြောသွားပါတယ်။

"ပရီးမီးယားလိဂ်မှာ ကျနော်တို့ ဒါကို (ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့) အောင်မြင်ဖို့ နီးစပ်ခဲ့ပါတယ်။ ယူရိုပါလိဂ်ဟာ နောက်ထပ်လမ်းကြောင်း တစ်ခုဖြစ်ခဲ့တယ်။ ကျနော်တို့ ကြိုးစားခဲ့ပြီး အလုပ်လုပ်ခဲ့တယ်။ ဒါပေမယ့် ချယ်လ်ဆီးကို ဂုဏ်ယူပါတယ်။ သူတို့ဟာ အခုဆိုရင် ကျနော်တို့ထက် ပိုကောင်းပါတယ်။

အမ်မရီဟာ ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား (၃)ကြိမ်ဆက် ဆွတ်ခူးခဲ့ပြီးနောက် ဒီပြိုင်ပွဲမှာ (၄)ကြိမ်မြောက် အရယူဖို့ မျှော်လင့်ခဲ့ပါတယ်။

"ပွဲချိန်ပထမပိုင်းမှာ ကျနော်တို့ ဂိုးရဖို့ အခွင့်အရေးအချို့ရခဲ့ပြီး သူတို့ကို အများကြီး ဂိုးသွင်းခွင့် မပေးခဲ့ရပါဘူး။ ဒုတိယပိုင်းမှာလည်း ကျနော်တို့ရဲ့ ပုံစံအတိုင်း သွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ပထမဂိုးကို သွင်းယူခဲ့တယ်။ ဒါက ဒီပွဲမှာ အရမ်းအရေးပါခဲ့ပါတယ်။

"သူတို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိပြီး ကျနော်တို့ကတော့ လူငယ်ကစားသားအချို့နဲ့ ကစားခဲ့ပါတယ်။ ဒါဟာ ခက်ခဲလာဖို့ရှိတယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။"

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly