ဟန်ဂေရီမှာ အပျော်စီးရေယာဉ်နစ်မြုပ်၍ တောင်ကိုရီးယားနိုင်ငံသား ၇ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

ဟန်ဂေရီမှာ အပျော်စီးရေယာဉ်နစ်မြုပ်၍ တောင်ကိုရီးယားနိုင်ငံသား ၇ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

မေ ၃၀ ။            ။ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ရှိ ဒင်းညုမြစ်မှာ မြစ်ကြောင်းသွား အပျော်စီး ရေယာဉ်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့လို့ တောင်ကိုရီးယား ခရီးသွား ခုနစ်ဦး သေဆုံးပြီး အခြား ၁၉ ဦး ပျောက်ဆုံးနေတယ်လို့ ဟန်ဂေရီနဲ့ တောင်ကိုရီးယား အာဏာပိုင်တွေက မေလ ၃၀ ရက်မှာ ပြောပါတယ်။

ဒီ မတော်တဆမှုဖြစ်စဉ်ဟာ ဟန်ဂေရီရဲ့ မြို့တော် အလယ်ဗဟိုအချက်အချာနေရာမှာ ရှိတဲ့ ပါလီမန် အဆောက်အအုံအနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ရှုခင်းကြည့် ရေယာဉ်ဟာ မေလ ၂၉ ရက် ည ၁၀ နာရီခန့်က အခြား ရေယာဉ်တစ်စင်းနဲ့ တိုက်မိပြီး ခုလို နစ်မြုပ်သွားတာ ဖြစ်တယ်လို့ ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်မှာ တောင်ကိုရီးယား နိုင်ငံသား ၃၃ ဦး လိုက်ပါသွားကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် သေဆုံးသူ ခုနစ်ဦးဟာလည်း ကိုရီးယားတွေ ဖြစ်တယ်လို့ အတည်ပြုပါတယ်။

၂၆ မီတာရှိ ယင်း ရေယာဉ်ပေါ်မှာ ဟန်ဂေရီနိုင်ငံသား သင်္ဘောအမှုထမ်းနှစ်ဦးလည်း ပါရှိသွားခဲ့ပါတယ်။

ယခုအချိန်မှာတော့ လူ ၁၉ ဦးလောက်ပျောက်ဆုံးနေတဲ့အတွက် ရေငုပ်သမားတွေနဲ့အတူ ပျောက်ဆုံးနေသူတွေကို တွေ့နိုင်ဖို့ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေလျက် ရှိပါတယ်။

ယခု နစ်မြုပ်သွားတဲ့ ရေယာဉ်ကတော့ “ရေသူမ” လို့ အမည်ပေးထားပြီး လူ ၄၅ ဦးထိ တင်ဆောင်နိုင်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly