အယောင်ဆောင် သတို့သမီးအဖြစ်နဲ့ တရုတ်နိုင်ငံဆီ လူကုန်ကူးခံနေရတဲ့ ပါကစ္စတန် အမျိုးသမီးများ

အယောင်ဆောင် သတို့သမီးအဖြစ်နဲ့ တရုတ်နိုင်ငံဆီ လူကုန်ကူးခံနေရတဲ့ ပါကစ္စတန် အမျိုးသမီးများ
Saleem Iqbal, a Christian human rights activist speaks to a journalist about the alleged fake marriages of Pakistani Christian girls with Chinese nationals, in Lahore, Pakistan, May 28, 2019 (issued May 29). EPA-EFE/RAHAT DAR

ကရာချိ၊ မေ ၂၉ ။    ။ နာတာရှာဟာ တရုတ်အမျိုးသားတစ်ဦးနဲ့ လက်ထပ်ရတဲ့အချိန်မှာ သူ့ရဲ့ ခိုကိုးရာမဲ့ ဘဝနဲ့ အလှမ်းကွာလွန်းတဲ့ တင့်တောင့်တင့်တယ် ဘဝမျိုး ရောက်ရှိပြီဆိုပြီး စိတ်ကူးယဉ် အိပ်မက် မက်နေခဲ့တယ်။

ဒါပေမယ့် တရုတ်မြေပေါ် နင်းလိုက်တဲ့အချိန်က စပြီး သူ့ဘဝဟာ ခြောက်ခြားအိပ်မက်ထဲ တွင်းဆုံးကျသွားခဲ့ပါတယ်။

ခရစ်ယာန်ဖြစ်တဲ့ အသက် ၂၂ နှစ်ရှိတဲ့ နာတာရှာဟာ ပါကစ္စတန်ဆီ အလည်အပတ်ဗီဇာနဲ့ သတို့သမီး အရှာထွက်လာတဲ့ တရုတ်အမျိုးသားတစ်ဦးကို လက်ထပ်ခဲ့တာပါ။

တရုတ်နိုင်ငံက ငရဲတွင်းထဲမှာ ၁၂ ရက်ကြာ ကျခံပြီး နေရပ်ပါကစ္စတန်ဆီ နာတာရှာတစ်ယောက် ကံကောင်းထောက်မစွာနဲ့ ပြန်လာနိုင်ခဲ့တာပါ။

သူ့ ခင်ပွန်းဟာ သူ့ကို လိင်ကျေးကျွန်တစ်ဦးလို ဆက်ဆံပြီး အိမ်ကိုလာတဲ့ အခြားအမျိုးသားတွေနဲ့ပါ ဆက်ဆံခိုင်းကြောင်း နာတာရှာက ပြောပါတယ်။

“သူဟာ ကောင်လေးတွေကိုလည်း အိမ်ကို ခေါ်လာတယ်။ ပြီးတော့ ကျွန်မကို သူတို့နဲ့ အတင်းအကျပ် ဆက်ဆံခိုင်းတယ်။ ငြင်းတာနဲ့ ရိုက်နှက်တော့တာပဲ။ ကျွန်မ မိဘတွေကို ပိုက်ဆံပို့ပေးနေရလို့ ကာမိအောင်လို့ဆိုပြီး ပြောရင်း ဒီလို ပြုမူဆက်ဆံတော့တာပါ။”လို့ ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်း ဖီဆာလာဘတ်မှာ နေထိုင်တဲ့ နာတာရှာက ပြောပါတယ်။

နာတာရှာလိုပဲ တရုတ်အမျိုးသားတွေနဲ့ အတုအယောင် လက်ထပ်ပြီး တရုတ်နိုင်ငံဆီ ခေါ်ဆောင်သွားကာ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံရတဲ့ ပါကစ္စတန် အမျိုးသမီးတွေ ရာပေါင်းများစွာ ရှိနေပါတယ်။ ဒီလို လိမ်လည်ပြီး လူကုန်ကူးခံရမှုတွေဟာ ရှေးရိုးစွဲ မွတ်စလင်ဦးရေ အများစုဖြစ်တဲ့ ပါကစ္စတန်ကို ရိုက်ခတ်လို့ နေပါတယ်။

ဟန်ဆောင်သတို့သမီးအဖြစ် တရုတ်နိုင်ငံဆီ ပါကစ္စတန်မိန်းကလေးတွေကို လူမှောင်ခိုကုန်ကူးမှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စီးနင်းဖြိုခွဲရာမှာ တရုတ်နိုင်ငံသား ၄၀ ကျော်နဲ့ ပါကစ္စတန်က လူခေါ်ပွဲစားတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံသားတွေဟာ ပါကစ္စတန်က မြို့တွေ အသီးသီးမှာ အိမ်ငှားနေထိုင်ပြီး ဒေသခံအမျိုးသမီးတွေနဲ့ လက်ထပ်နိုင်ဖို့ ပါကစ္စတန်ပွဲစားတွေကို ငွေပေးစီစဉ်ခိုင်းတာ ဖြစ်ပါတယ်။

ဒီလို သဏ္ဍန်တု သတို့သမီးတွေဟာ တရုတ် ကျေးလက်တောနယ်ပိုင်းဆီ ခေါ်ဆောင်သွားခြင်းခံရပြီး လူမဆန်စွာ ဆက်ဆံကာ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကလေးတစ်ဦးပေါ်လစီ ကျင့်သုံးခဲ့တဲ့ အကျိုးဆက်ကြောင့် နိုင်ငံအတွင်းမှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် အတိုင်းအဆအလွန် များပြားနေတာကြောင့် ခုလို သတို့သမီး မှောင်ခိုကုန်ကူးမှုတွေ တွင်ကျယ်လာတာလည်း ဖြစ်ပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly