ဆရာတော် ဦးဝီရသူအား ဖမ်းဝရမ်းထုတ်ရန် မဟာအောင်မြေ မြို့နယ်သံဃာ့နာယကထံ လာရောက် လျှောက်ထား

ဆရာတော် ဦးဝီရသူအား ဖမ်းဝရမ်းထုတ်ရန် မဟာအောင်မြေ မြို့နယ်သံဃာ့နာယကထံ လာရောက် လျှောက်ထား
Photo- EPA

မန္တလေး၊ မေ ၂၉ ။          ။ မန္တလေး၊မဟာအောင်မြေမြို့နယ် ရဲမှူးနှင့်တာဝန်ရှိသူများက မစိုးရိမ်တိုက်ဟောင်းမှ မြို့နယ်သံဃာ့မဟာနာ ယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဆရာတော်ထံသို့ မေ ၂၉ ရက်၊ညနေ ၅ နာရီခန့်က လာရောက်ခဲ့ပြီး ဆရာတော် ဦးဝီရသူအား ဖမ်းဝရမ်းထုတ်ထားခြင်းနှင့် ပတ်သက်၍ လျှောက်ထားခဲ့ကြောင်း သိရသည်။

 “ဒီနေ့ ဆရာတော် ဝီရသူကို ဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီး အတည်ပြုချက်ကို မြို့နယ်သံဃာ့နာယက အဖွဲ့ ဆရာတော်ထံ လာလျှောက်တာပါ” ဟု မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်က ပြောသည်။

 ယနေ့ မွန်းလွဲပိုင်းက ဆရာတော်ဦးဝီရသူ သီတင်းသုံးရာ မန္တလေးမြို့၊မစိုးရိမ်တိုက်သစ်သို့ တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ယနေ့ညနေပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ် သံဃာ့မဟာနာယက ဒုတိယ ဥက္ကဋ္ဌ ဆရာတော်သီတင်းသုံးရာ မစိုးရိမ်တိုက်ဟောင်းသို့ လာရောက်တွေ့ဆုံလျှောက်ထားခဲ့ကြောင်း သိရသည်။

 “ပွင့်ပွင်းလင်းလင်းပြောရရင် ဒီနေ့ ဝီရသူကို ဖမ်းဝရမ်းထုတ်ထားတာကို အောက်အဖွဲအစည်းဆိုတော့ အကောင်အထည်ဖော်ရတာဖြစ်တော့ ဥပဒေအတိုင်းသွားနေတာ။ ဘုန်းကြီးက မြို့နယ်သံဃမဟာနာယက ဒုဥက္ကဋ္ဌ ဖြစ်တဲ့အတွက် ခေါင်းရှောင်လို့မရဘူး။ပေးထားတဲ့ တာဝန်ကို ကျေအောင်လုပ်ရမှာ။နောက်တစ်ခါ ပြန်လာရင် ဖမ်းဆီးဖို့ လုပ်တဲ့အခါ မြို့နယ်သံဃာ့နာယကအဖွဲ့က ကူညီဆောင်ရွက်ပေးဖို့ လာလျှောက်တာ။ လူဆိုရင်တော့ ဘယ်နားဘယ်လိုဖမ်းဖမ်း ဖမ်းလို့ရတယ်။”ဟု  မဟာအောင်မြေမြို့နယ် သံဃာ့နာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ပညာသာမိဘိဝံသ ကမိန့်ကြားသည်။

 ဥပဒေအရ ဖမ်းဆီးခြင်းများပြုလုပ်ရာတွင် သံဃာ့အဖွဲ့အစည်းနှင့် သက်ဆိုင်နေလျင် သက်ဆိုင်ရာ သံဃာ့အဖွဲ့ အစည်း ခွင့်ပြုချက်ရှေ့မှောက်ဆောက်ရွက်ရခြင်းဖြစ်၍ ၄င်းကိစ္စအကြောင်းကို လာရောက်လျှောက်ထား ခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။

 ဆရာတော် ဦးဝီရသူအား ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) နိုင်ငံတော် အကြည်အညိုပျက်စေမှုနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly