အမေရိကန်ကို ဥပဒေကြောင်းအရ ရင်ဆိုင်ရန် Huawei အရှိန်မြင့်လုပ်ဆောင်

အမေရိကန်ကို ဥပဒေကြောင်းအရ ရင်ဆိုင်ရန် Huawei အရှိန်မြင့်လုပ်ဆောင်

မေ ၂၉ ။          ။ ကုမ္ပဏီအပေါ် ပိတ်ပင်ကန့်သတ်မှုတွေ လုပ်ဆောင်ထားခဲ့တဲ့ အမေရိကန်အာဏာပိုင်တွေအပေါ် ဥပဒေကြောင်းအရ ရင်ဆိုင်တိုက်ပွဲဝင်ရန်အတွက် တရုတ် တယ်လီကွန်းကုမ္ပဏီ Huawei ဘက်က အရှိန်မြင့်လုပ်ဆောင်လာနေလျက် ရှိပါတယ်။

ယခုအခါမှာလည်း အမေရိကန် ဖက်ဒရယ်အေဂျင်စီတွေကို Huawei ထုတ်ကုန်တွေ ဝယ်ယူခြင်းကနေ တားမြစ်တဲ့ အမေရိကန်ဥပဒေပြဌာန်းချက် ပြန်လည် ပယ်ဖျက်သွားနိုင်ရေးအတွက် တရုတ်ကုမ္ပဏီဘက်က အရှိန်မြင့်ကြိုးပမ်းနေလျက်ရှိပါတယ်။

အမေရိကန် ဥပဒေမူကြမ်းအပေါ် ဆန့်ကျင်တဲ့ တရားစွဲဆိုမှုကို Huawei က မတ်လကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ယင်းဥပဒေဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန် ကွန်ဂရက်အနေနဲ့လည်း Huawei ထုတ်ကုန်တွေအပေါ် တားမြစ်ပိတ်ပင်မှုကို ထောက်ခံပံ့ပိုးဖို့အတွက် လုံလောက်တဲ့ သက်သေအထောက်အထားတွေ ထုတ်ပြနိုင်ခဲ့ခြင်း မရှိဘူးလို့ Huawei က ပြောပါတယ်။

ယခုကဲ့သို့ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေအပေါ် ပိတ်ပင်တဲ့ ကိစ္စကို ရှေ့ဆက်တိုး လုပ်ကိုင်နိုင်ခြင်း ရှိမရှိ ကြားနားဆုံးဖြတ်ပေးဖို့ နဲ့ ယင်းကိစ္စကို ပယ်ဖျက်ပေးဖို့ အမေရိကန် တရားရုံးတွေကိုလည်း Huawei  က တောင်းဆိုပန်ကြားထားတယ်လို့ သိရပါတယ်။

“ Huawei ဟာ လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဆိုတာကို ပြသနိုင်မယ့် သက်သေအထောက်အထား အမေရိကန်တို့ မပေးနိုင်ပါဘူး။ သေနတ်လည်း မရှိဘူး၊ မီးခိုးလည်း မထွက်ဘူး၊ ကောလာဟလ သက်သက်ပါ” လို့ Huawei ရဲ့ ဥပဒေအရာရှိချုပ် ဆုန် လျှိုပင်းက ပြောသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags